ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်

လားရှိုးထောင်တွင် မတရားအကျဉ်းချခံထားရသည့် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ကျဉ် ၂၀၀ကျော် လုံခြုံသည့်နေရာသို့ ကယ်ထုတ်ထားနိုင်ပြီဖြစ်ကြောင်း လာရှိုးခရိုင်ပကဖနှင့် မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သတင်းရရှိသည်။

လားရှိုးအကျဉ်းထောင်သည် လားရှိုးမြို့ ရပ်ကွက် ၁၂ တွင်ရှိပြီး ထောင်ပွင့်သွားပြီဟု ယခင်ရက်ပိုင်းကတည်းက သတင်းထွက်ပေါ်နေပြီး ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ကျဉ်းများကို ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းမ်က ယမန်နေ့ညတွင် သတင်းဖော်ပြခဲ့သည်။

“ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ခဲ့ပါပြီ။လုံခြုံရေးဆိုင်ရာအခြေအနေတွေကြောင့် အသေးစိတ်တော့ပြောလို့မရသေးပေမယ့် နိုင်ကျဥ်း ကျား ၁၇၁ယောက်နဲ့ မ၄၁ယောက်ပါ” ဟု လားရှိုးခရိုင် ပကဖတာဝန်ရှိသူတစ်ယောက်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

လားရှိုးမြို့တွင် ဆက်သွယ်ရေးပြတ်တောက်နေသည့်အတွက် လွတ်မြောက်နိုင်ကျဉ်းများအနေဖြင့် မိသားစုနှင့် အဆက်အသွယ်ရရန် အခက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးရဲဘော်များ ကယ်ထုတ်ခဲ့သည့် ပထမဦးဆုံး နိုင်ငံတော်အဆင့် တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်။

နွေဦးတော်လှန်ရေး သုံးနှစ်ကျော်လာသည့် အခြေအနေတွင် သံတွဲထောင်၊လားရှိုးထောင်နှင့် မိုးကုတ်အချုပ်ထောင်တို့တွင် မတရားဖမ်းဆီးချုပ်နှောင်ထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသားများကို တော်လှန်ရေးအင်အားစုများက ထောင်တံခါးများဖွင့်၍ ကယ်ထုတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကသိမ်းပိုက်ရရှိထားပြီဟု သတင်းထုတ်ပြန်ထားပြီး လားရှိုးမြို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

#လားရှိုးထောင် #အကျဉ်းကျ #ဦးထွန်းထွန်းဟိန် #နိုင်ကျဉ်း၂၀၀ကျော် #လုံခြုံသည့်နေရာသို့ရောက်ရှိ
#Ayeyarwaddy_Times