ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင် ၂၉ ရက်

ချင်းပြည်နယ်၊ မတူပီမြို့၊ မြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့်သည် ချင်းလဲန်းအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။

မတူပီမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့က ဇွန်လ ၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ကျော်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

“အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က လက်နက်ခဲယမ်းပါလာတယ်။ တချို့က လက်နက်မပါလာဘူး။ ပိုက်ဆံအပြည့်သယ်လာကြတယ်။ သူတို့ ထွက်ပြေးတဲ့အချိန် အကုန်လုံး ကွဲကုန်ကြတာ။ အလင်းဝင်လာတာကလည်း ငါး ယောက်တဖွဲ့၊ ၁၀ ယောက်တဖွဲ့နဲ့ အလင်းဝင် လာကြတာ” ဟု ချင်းလဲန်းအစိုးရ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့၏ မြေပြင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များ၏ လိုက်လံ တိုက် ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိသလို ဝေတူးချောင်းဖြတ်ကူးချိန်တွင် ချောင်းရေကြီးမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နှင့် မိသားစုဝင်တချို့ ချောင်းထဲမျှောပါသေဆုံမှုများလည်း ရှိကြောင်း သိရသည်။

အလားတူ မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးခဲ့ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်မှ ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၂၀ ခန့်ကို ချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့တို့က ဇူလိုင် ၁၇ နှင့် ဇူလိုင် ၂၅ ရက်နေ့တို့တွင် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံထားရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ လက်နက်ခဲယမ်းများကိုလည်း အများအပြား သိမ်းဆီးရမိထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ- ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့က ဖမ်းဆီးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ။
#မတူပီမြို့သိမ်းတိုက်ပွဲ #ထွက်ပြေး #စစ်ကောင်စီတပ်ဖွဲ့ဝင် #၄၀ခန့် #ချင်းလဲန်းအစိုးရ #အလင်းဝင်ရောက် #Ayeyarwaddy_Times