ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဇူလိုင် ၂၉ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်‌ကောင်စီက ဒေသတွင်း အခြေအနေတည်ငြိမ်သယောင် ဝါဒဖြန့်မှုများ ဆက်တိုက်လုပ်ဆောင်နေသော်လည်း ပြီးခဲ့သည့် ဇူလိုင် ၁ ရက်မှ ၂၇ ရက်နေ့အထိ နေ့စဉ် နေအိမ် မီးရှို့မှုများကို ပြုလုပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံက သိရသည်။

စစ်ကောင်စီသည့် ဇွန်လ ပထမပတ်မှ စတင်ကာ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်းသို့ အင်အား ဖြည့်ဝင်ရောက်လာခဲ့ကာ မိုင်းလုံး၊ ရွာတန်းရှည် စသည့် ရပ်ကွက်များအတွင်းရှိ အရပ်သား နေအိမ်များကိုလည်း ဖောက်ထွင်းဝင်ရောက်ခြင်းများ ပြုလုပ်ခဲ့ပြီး မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဇူလိုင် ၁ ရက်မှ ၂၇ ရက်အတွင်း နေအိမ်အလုံး ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း KNDF ထံက သိရသည်။

“လွိုင်ကော်မှာတော့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေက ကြိုကြား ကြိုကြားဖြစ်ပြီး တိုက်ပွဲတွေ နေ့စဉ်နီးပါးရှိတယ်။ စစ်ကောင်စီက လွိုင်ကော်မြို့ကို ပုံမှန်လည်ပတ်နေတဲ့ ပုံစံမျိုး ဖြစ်အောင် ဝါဒဖြန့်နေပေမယ့် လွိုင်ကော်ဟာ စစ်မြေပြင်ဖြစ်နေတုန်းပါ” ဟု KNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် လွိုင်ကော်မြို့အတွင်း တည်ငြိမ်နေသယောင် နှင့် ဒေသခံများပြန်လည် နေထိုင် နိုင်ပြီဖြစ်ကြောင်း ဝါဒဖြန့်နေပြီး မီးလောင်ပျက်စီးခဲ့ရသည့် လွိုင်ကော်မြို့တောင်ဈေးကို အသစ် ပြန်လည်ဖွင့်လှစ်ခြင်း၊ အခြေခံပညာကျောင်းများ၊ သူနာပြုသားဖွားသင်တန်းကျောင်း ဖွင့်လှစ်ခြင်းများ ပြုလုပ်ထားသည်ဟုဆိုကာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီက ထို့သို့ လုပ်ဆောင်နေသော်လည်း လွိုင်ကော်မြို့တွင် (၁၁၁၁) တစ်လေးလုံး စစ်ဆင်ရေး စတင်သည့် အချိန်မှစတင်၍ ယနေ့အထိ တော်လှန်ရေးတပ်ဖွဲများ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း KNDF က ထုတ်ပြန်ထားသည်။

“လက်ရှိကတော့ မြို့မှာ လူအနည်းငယ်ရှိတယ်။ ပြန်နေကြတာ အနည်းစုပဲ။ အများစုကတော့ ပစ္စည်း ပြန်သိမ်းကြတာ။ အနည်းစုပဲပြန်‌နေကြတယ်။ အများစုကတော့ ပြန်မနေရဲသေးဘူး” ဟု လွိုင်ကော် ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် လွိုင်ကော်မြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တည်ငြိမ်နေသယောင် ဝါဒဖြန့်မှုများကို ပြုလုပ်နေသည့်အပြင် မြို့တွင်းပြန်လည်နေထိုင်သည့် ဒေသခံများကိုလည်း ‌မြို့တွင်းမှပြန်လည်ထွက်ခွာပါက နေအိမ်မီးရှို့မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

ထို့ပြင် Non CDM ဝန်ထမ်းများကိုလည်း လာမည့် ဩဂုတ်လအမီ နေရပ်ပြန်လာ၍ တာဝန်ထမ်း ဆောင်ရန် အမိန့်ထုတ်ထားပြီး လူသားဒိုင်းပြုလုပ်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီက လွိုင်ကော်တွင် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှစတင်ကာ စစ်ကြောင်းများဖြန့်၍ စစ်ရေးလှုပ်ရှားလာခဲ့သည့်အတွက် KNDF၊ KA ၊ MK CDF တပ်ဖွဲ့များနှင့် မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိင်ကော်နည်းပညာတက္ကသိုလ်နှင့် မြကလပ်တောင် တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ တိုက်ပွဲများ နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း KNDF ထံကသိရသည်။

ဓာတ်ပုံ – KNDF
#လွိုင်ကော် #စစ်ကောင်စီ #ဒေသခံနေအိမ် #မီးရှို့ဖျက်ဆီး #ဝါဒဖြန့် #KNDF #Ayeyarwaddy_Times