
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့ နှစ်ဖက်တိုက်ပွဲပြင်း ထန်နေသည့် ရှမ်းမြောက်၊ လားရှိုးမြို့ကို ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့ ညပိုင်းက UWSA ဝတပ်ဖွဲ့များ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
၀ တပ်ဖွဲများ ထိုသို့ ဝင်ရောက်လာခြင်းသည် လားရှိုးမြို့နယ်ရှိ ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် လားရှိုးမြို့ရှိတိုင်းရင်းသားပေါင်းစုံ၏ လိုလားချက်အရဖြစ်ကြောင်း UWSA လားရှိုးမြို့ပြင်ပဆက် ဆံရေးတာဝန်ခံ ဦးညီရန်း၏ ပြောကြားချက်အရသိရသည်။
“လားရှိုးမြို့မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံများရဲ့ လိုလားချက်အရရယ်၊ လားရှိုးမှာရှိတဲ့ ကျွန်တော်တို့ ပြင်ပဆက်ဆံရေးရုံးများနဲ့ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက်ပါ။ “ဝ”ပြည်နယ်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ၂၇ ရက်နေ့ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့တာ မှန်ပါတယ်”ဟု UWSA လားရှိုးမြို့ပြင်ပဆက် ဆံရေးတာဝန်ခံ ဦးညီရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသည့် လားရှိုးမြို့ အတွင်းသို့ “ဝ”တပ်ဖွဲ့များ ဝင်ရောက်လာခြင်းသည် နှစ်ဖက် အဖွဲ့အစည်းထံ အကြောင်းကြားပြီးမှ သဘော တူညီချက်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရ သည်။
“မြို့ကို မဝင်မီမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး သဘောတူညီချက်နဲ့ အဆင်ပြေစွာဝင်ရောက်ခဲ့တာဖြစ်တယ်”ဟု ဦးညီရန်းက ဆိုသည်။
၎င်းတို့ “ဝ”တပ်ဖွဲ့အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း အဖက်ဖက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနှင့် ပံ့ပိုးခြင်းများလုပ်ဆောင်မည် မဟုတ်ဘဲလားရှိုးမြို့နှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် ဝပြည်နယ်ကမျှော်လင့်ကြောင်း ဦးညီရန်းက ဆက်လက်ပြောကြားသည်။
အဆိုပါ လားရှိုးမြို့တွင် ၂၃ ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီး နောက် လားရှိုးမြို့ကို အလုံး စုံထိန်းချုပ်လိုက်နိုင်ပြီး မြို့အုပ်ချုပ်ရေးကို ဆက်ခံလိုက်ပြီဖြစ် ကြောင်းနှင့် လားရှိုးမြို့လွတ်မြောက်ရေးတော်လှန်ရေးလှုပ်ရှားမှုသည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်နိုင်သည်အထိ သမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်နေ့က MNDAA ကထုတ်ပြန်ခဲ့သည်။
“အခုလို အခြေအနေတွေဖြစ်လာမယ်သိလို့ MNDAA က ကြိုတင်ပြီးစာထုတ်ခဲ့တယ်လို့ သုံးသပ်မိပါတယ်။ အခုဖြစ်စဉ်မှာ တရုတ်နဲ့စစ်ကောင်စီရဲ့ ပယောဂမကင်းဘူးလို့ထင်ပါတယ်”ဟု စစ်ရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုလို “ဝ”တပ်ဖွဲ့များ လားရှိုးမြို့အတွင်း ဝင်ရောက် လာသည်နှင့်ပတ်သက်ပြီး စစ်ကောင်စီ ထောက်ခံသူများနှင့် လော်ဘီတချို့က ‘ဝ’တပ်ဖွဲ့သည် လားရှိုးကို ဝင်ရောက်သိမ်းယူခြင်းမဟုတ်ဘဲ တပ်မတော်နှင့်ညှိနှိုင်းချက်အရ မြို့မပျက်စီးစေရန် လုံခြုံရေးဝင်ယူပေးခြင်းဖြစ်ကြောင်း ရေးသားဖော်ပြလျက်ရှိသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီး(ရမခ) တစ်ခု လုံးမကျမချင်းနှင့် မြို့ကိုအပြီးတိုင်သိမ်းပိုက် ရရှိသည်အထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင် လားရှိုးအကျဉ်းထောင်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရရှိထားပြီး အကျဉ်း ထောင်ပွင့်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်လက်စုံစမ်း လျက်ရှိသည်။
ပုံစာ- ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား (ပုံဟောင်း)
#ရှမ်းမြောက် #လားရှိုး #ဝတပ်ဖွဲ့ #ဝင်ရောက် #တိုက်ပွဲ #ပြင်းထန် #ဦးညီရန်း #Ayeyarwaddy_Times