ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဇူလိုင် ၂၉ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်အနောက်ပိုင်း ရှိ ဖြူရောင်ကုန်းစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းရာ ၂၀ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်သည်။

မိုးကုတ်မြို့ကို TNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ မြို့သိမ်းနိုင်ခဲ့ပြီးနောက် စစ်ကောင်စီစခန်းများမှာ စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ၂၀ အပြင် လက်နက် ၂၃ လက်နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“မိုးကုတ်မြို့ထဲမှာတော့ ပစ်ခတ်မှု တွေမရှိ တော့ပါဘူးဗျ။ မြို့ထဲမှာဖုန်းလိုင်းတွေကပျက်နေတုန်းပဲ” ဟု မိုးကုတ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ကျပ်ပြင်ကို TNLA ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ထား နိုင်သော်လည်း မိုးကုတ်မြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဆိုးရွားစွာ ပြတ်တောက်နေပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေသခံများအနေဖြင့် ဖုန်းလိုင်းရရှိရန် မြို့ထဲနှင့်ဝေးကွာစွာသွားလာ၍ ဆက်သွယ်မှုများပြုလုပ် ‌နေရကြောင်း သိရသည်။

ယခုအခါ မိုးကုတ်မြို့ရှိ နေရပ်သို့ပြန်လာသည့် စစ်ရှောင်များစွာရှိနေကြောင်းသိရပြီး ထွက်ပြေး သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူး ပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးကာ နယ်မြေ ရှင်းလင်းရေးလုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့ကလည်း မိုးကုတ်မြို့တွင် နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ နှင့် တော်လှန်‌ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်း နှစ်ဦး ၊ သေနတ် လေး လက်၊ လက်ပစ်ဗုံး၊ RPG၊ ငါးကျင်းမြီး စသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – TNLA
#မိုးကုတ် #နယ်မြေရှင်းလင်းရေး #စစ်သုံ့ပန်း #အရှင်ဖမ်းမိ #စစ်ကောင်စီ #TNLA #PDF #Ayeyarwaddy_Times