ဧရာဝတီတိုင်းမ်
(အင်းစိန်)၊ ဇူလိုင် ၂၈ ရက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မွေးနေ့၌ ကြက်သားနှင့် ပဲဟင်း ကျွေးခဲ့ပြီး နောက်တစ်နေ့တွင် အကျဉ်းသား ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင်ဦးဇော်လင်းအောင်နှင့် ထောင်အာဏာပိုင်များက ကြက်သားနှင့်ပဲဟင်းမှလွဲ၍ အခြား အစားအသောက်များ စားသုံးခွင့်မပြုကြောင်း ထောင်တွင်းအမိန့်ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ဟင်းမှာ သိုးနံ့ထွက်နေကြောင်း နိုင်ငံရေးအကျဉ်းသားများက ထောက်ပြ ပြောဆိုခဲ့ရာတွင် ထောင်အာဏာပိုင်များက လက်ခံခြင်းမရှိသည့်အတွက် အဆိုပါဟင်းကိုပင် စား‌သောက်ခဲ့ရကြောင်း သိရသည်။

ထိုသို့သိုးနေသည့် ပဲဟင်းနှင့်ကြက်သားကို နိုင်ငံရေးအကျဉ်းသားများအပါအဝင် ထောင်ရှိအကျဉ်းသား အားလုံး စားသောက်ခဲ့ရပြီး နောက်တစ်နေ့မှ စတင်ကာ အကျဉ်းသား၊ အကျဉ်းသူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောရောဂါကို ခံစားခဲ့ကြရပြီး ထောင်တွင်း ရောဂါကူးစက်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ရန်ကုန်မှာဖြစ်နေတဲ့ကာလဝမ်းရောဂါက ထောင်မှာပါဖြစ်ခဲ့တယ်လို့လည်းပြောလို့ရတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ဇူလိုင် ၃ ရက်နေ့ မင်းအောင်လှိုင် မွေးနေ့မှာ မဖြစ်မနေ အိမ်ကကျွေးတဲ့အစား အသောက်တွေထက် ထောင်ကကျွေးတဲ့အစားအသောက်တွေစားခဲ့ရတာရှိတယ်။ အဲ့လိုစားရတဲ့ အချိန်မှာ ပဲဟင်းတွေနဲ့ ကြက်သားတွေက မကောင်းဘူး၊ သိုးနံ့ထွက်နေတာမျိုးတွေ မသန့်ရှင်း မလတ်ဆက်တော့တာမျိုးတွေရှိတယ်လို့ သိရှိထားတယ်။ ဒါတွေကို တစ်ဦးတစ်ယောက်ထဲစီက သိရှိထားရတာမျိုးမဟုတ်ဘဲ တော်တော်များများဆီက တူညီတဲ့အချက်ကိုရတာမို့ ဒီလိုပြော ရတာဖြစ်ပါတယ်” ဟု PPNM က ကိုသိုက်ထွန်းဦးက ဧရုဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အင်းစိန် ထောင်အာဏာပိုင်များက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများအပေါ် ဆေးဝါး လုံလောက်စွာပေးနိုင်ခြင်းမရှိသည့်အတွက် ဇူလိုင် ၂၀ ရက်နေ့အထိ နေ့စဉ် အကျဉ်းသား ငါး ဦးမှ ၁၀ ဦး အထိ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်းကို ထောင်အာဏာပိုင်များက သတင်းဖုံးထားပြီး မိသားစုဝင် များပို့သည့် အစားအသောက်များကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောဆိုကာ ထောင်ဝင်စာကန့်သတ်ခြင်းများကိုပင် ပြုလုပ်လာကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ပထမပတ်မှ စတင်ကာ ဝမ်းပျက်ဝမ်းလျောရောဂါများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ကာလဝမ်းရောဂါပိုး တွေ့ရှိရသူများလည်းရှိခဲ့ပြီး ဇူလိုင် ၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသူ ၁၁၄၄ ဦးအထိရှိ ကြောင်း စစ်ကောင်စီ၏ ကျန်းမာ ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – အင်တာနက်
#ကာလဝမ်းရောဂါ #အင်းစိန်ထောင် #စစ်ခေါင်းဆောင်မွေးနေ့ #နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times