ညိမ်းသော်/ဧရာဝတီတိုင်းမ်
(ကျုံပျော်)၊ ဩဂုတ်လ ၁၁ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဒေသခံပြည်သူတွေကို လိုက်လံ ခေါ်ဆောင်ပြီး ပြည်သူတွေအနေနဲ့ ကိုယ်လုပ်မှကိုယ်စားရမှာဖြစ်ကြောင်း လိုက်လံစည်းရုံးဟောပြောတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အင်းရဲတိုက်နယ်ထဲက လှည်းဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဩဂုတ်လ ၉ ရက်နေ့က လှည့်လည်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လူစုခိုင်းကာ ဘုန်ကြီးကျောင်းတွေမှာ ဟောပြောပွဲပြုလုပ်ခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။

“ ပြည်သူတွေအနေနဲ့ ကိုယ်လုပ်မှ ကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ မဆိုင်တာတွေမရှုပ်ဖို့ သတင်း တွေကိုလည်း တဖက်ထဲ မကြည့်ဖို့ ပြောတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ကိုယ့်လုပ်မှကိုယ်စားရမှာဖြစ်လို့ မဆိုင်တာတွေဝင်မရှုပ်ဖို့ ဒေသခံပြည်သူတွေကို စစ်ကောင်စီရဲ့ ခလရ (၃၆) တပ်က အရာရှိတဦးက ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ဒါ့ပြင် ကျေးရွာထဲမှာ PDF တပ်ဖွဲ့ဝင်တွေရှိရင်လည်း အလင်းဝင်ရောက်ရင် ကြည်ကြည်ဖြူဖြူနဲ့ ဘာမှမလုပ်ဘဲ လက်ခံပေးမယ်လို့ ပြောဆိုစည်းရုံးတာတွေလည်း ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံပျော်မြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ ပထမဆုံး လက်လုပ်သေနတ် အနည်းငယ်နဲ့ တော်လှန်တိုက်ခိုက်ဖို့လုပ်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေခံခဲ့ရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေက မြို့နယ်အလိုက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ အလင်းဝင်ဖို့အတွက် ကားနဲ့လိုက်အော်တာ တွေလည်းရှိနေတယ်လို့ သိရပါတယ်။