ဓာတ်ပုံ - သီလဝါဆိပ်ကမ်းတွင်ဆီခုတ်ယူရန်စောင့်ဆိုင်းနေစဥ်။

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ဝ၊ ၂ဝ၂၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ စက်သုံးဆီဆိုင်အများစုသည် ယနေ့တွင် ဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ရောင်းချနိုင်ခြင်းမရှိကြောင်း မြို့ခံများထံမှ သိရသည်။

ထိုသို့ဖြစ်ရခြင်းသည် လက္ကားအရောင်းဆိုင်များအနေ ဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ PPRD ၏ ညွှန်ကြား ချက်အတိုင်း သက်ဆိုင်ရာ စက်သုံးဆီ တင်သွင်းသော ကုမ္ပဏီများထံ မှတ်ပုံတင်ပြီး ဖြန့်ဖြူးခွင့်လိုင်စင် ယူထားသော်လည်း ဆီထုတ်ရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်နေသည့်အတွက် မိမိတို့ဖြန့်ဖြူးရာ နယ်မြေတွင် ဆီပြတ် လပ်ကာ ဖြန့်ဖြူးနိုင်ခြင်းမရှိကြောင်း တောင်သာမြို့ရှိ စက်သုံးဆီ လုပ်ငန်းရှင် ဦးဝင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‘‘ကျနော်တို့ ဆီကိုတင်သွင်းခွင့် ရသူတွေကနေ ဖြန့်ဖြူးခွင့်ကို PPRD မှာ လျှောက်ထားပြီးတော့ ဆီကို ရန်ကုန်မှာ သွားထုတ်တယ်။ ထုတ်တဲ့ဆီမှာ လုပ်ငန်းဆောင်တာကဏ္ဍ ကြန့်ကြာမှုတွေနဲ့ ကျနော်တို့ဆီတွေ အချိန်မီ ကိုယ့်နယ်ကို ပြန်မသယ်နိုင်ဘူး။ အဓိက ဆီကို ထုတ်တဲ့သီလဝါမှာကိုက အခက်အခဲရှိနေတာ။ ကျနော်တို့ထက်ကြီးတဲ့ လက္ကားသမားတွေလည်း အခုလို ဖြစ်နေကြတယ်’’ ဟု တောင်သာမြို့ပြင်ရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင် ဖွင့်ထားသော ၎င်းက ဆိုသည်။

ယနေ့နေ့စွဲဖြင့် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ဒေါ်လာရောင်းခွင့်ရ လုပ်ငန်းဘဏ်များ၊ နိုင်ငံခြားငွေ လဲလှယ်ခွင့်လုင်ပငန်းလိုင်စင်ရ ဘဏ်များ၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့်လုပ်ငန်းလိုင်စင်ရ မဟုတ်သည့် လုပ်ငန်းစုများအားလုံးသည် နိုင်ငံခြားငွေ ဒေါ်လာကို ပြည်ပသို့ လွှဲရာတွင် နိုင်ငံခြားငွေနှုန်းထားဖြစ်သည့် ဗဟိုဘဏ်မှ သတ်မှတ်ထားသော နှုန်းထား တဒေါ်လာလျှင် ၂၁ဝဝ ကျပ်၏ ဝ ဒဿမ ၃ ရာခိုင်နှုန်းအတွင်းသာ လုပ်ကိုင်ရန်၊ မလုပ်ကိုင်လျှင် ဥပဒေအရ အရေးယူမည်ဟု ကြေညာခဲ့သည်။

စက်သုံးဆီဈေးနှုန်းများ နေ့စဉ် PPRD မှ သတ်မှတ်ပေးထားသော်လည်း တရက်နှင့်တရက် ဆီဝယ်ယူရရှိရေး ကဏ္ဍများ ကြန့်ကြာနေခြင်းက စက်သုံးဆီဈေးနှင့် ဒေါ်လာငွေ သတ်မှတ်ချက်များကြောင့် ဈေးနှုန်းအတက်အကျတွင် အချိန်နှင့်အမျှ လုပ်ဆောင်နိုင်ခြင်း မရှိဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချသူများအသင်းမှ လုပ်ငန်းရှင် တဦးကလည်း ဆိုသည်။

‘‘အခုဖြစ်နေတာက ဒေါ်လာကို ကျနော်တို့ တင်သွင်းသူတွေလက်ထဲမှာလည်း ကြာကြာပေးမထားသလို၊ တကယ်လို့ ဒေါ်လာရသူတွေကနေ တင်သွင်းသူတွေက လှည့်ဝယ်ဖို့ကြပြန်လည်း တင်းကျပ်လိုက်တဲ့သဘောပဲ။ အဲ့ဒီတော့ ကျနော်တို့အနေနဲ့ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ပုဂ္ဂလိက စက်သုံးဆီတင်သွင်းသူတွေ ရပ်တန့်ရတော့မယ်။ အဲ့အချိန်ကြရင် စစ်တပ်နဲ့ နီးစပ်သူတွေ လက်ဝါးကြီးအုပ်တဲ့စနစ်ကို ပြန်ရောက်သွားလိမ့်မယ်လို့ အခုထဲက ပြောရတော့မယ်’’ ဟု သူက ဆိုသည်။