
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်
ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက လူသားမ ဆန်တဲ့ ရာဇဝတ်မှုတွေ စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်တစ်ခုအရ သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကလေးငယ်တွေအပေါ် ရာဇဝတ်မှု တွေ အပါအဝင် လိင်ကိုအခြေခံတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်သော စုံစမ်းစစ်ဆေးမှုယန္တယား (IIMM) က သြဂုတ်လ ၉ ရက်မှာ နှစ်စဉ်ထုတ်ပြန်နေကျ အစီရင်ခံစာအတွင်း ပြောကြားခဲ့ပါတယ်။
IIMM က အင်တာဗျူး၊ မှတ်တမ်း၊ ဗွီဒီယို၊ ဓာတ်ပုံ၊ ဂြိုဟ်တုပုံနဲ့ လူမှုကွန်ရက်အပါအဝင် သတင်းရင်းမြစ် ၂၀၀ နီးပါးထံမှ အချက်အလက် သုံးသန်းကျော် စုဆောင်းနိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေအပေါ် တိုက်ခိုက် တာမျိုးလို ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်ခဲ့ပါတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
“ရာဇဝတ်မှုကျူးလွန်သူတွေဟာ သက်ညှာမှုနဲ့မထိုက်တန်ဘူးဆိုတာ သိထားဖို့လိုပါမယ်။ ရာဇဝတ်မှု ကျူးလွန်သူတွေ တစ်နေ့ကျရင် တာဝန်ခံဖို့ ကျွန်တော်တို့ အထောက်အထားတွေ စုဆောင်းနေပါတယ်” လို့ IIMM အကြီးအကဲ နီကိုးလတ်စ်ခွန်ဂျန်က ပြောပါတယ်။
မြန်မာနိုင်ငံက ကလေးငယ်တွေဟာ နှိပ်စက်ခံရခြင်း၊ စစ်သားအဖြစ် စုဆောင်းခံရခြင်းနှင့် တစ်ဖက်သတ် ထိန်းသိမ်းခံရတာတွေရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် ရာဇဝတ်မှုတွေကျူးလွန်တာ နိုင်ငံတကာရာဇဝတ်မှုတွေဖြစ်ပေ မယ့် သူတို့ဟာ သမိုင်းကြောင်းအရ ဖော်ပြခြင်း၊ စုံစမ်းစစ်ဆေးခံရခြင်းမရှိဘူးလို့ နီကိုးလတ်က ပြောပါတယ်။
၂၀၁၁ ခုနှစ်နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေ ချိုး ဖောက်မှုတွေအတွက် အထောက်အထားစုဆောင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ IIMM ကို ဖွဲ့စည်းခဲ့ပါတယ်။
ကိုးကား – UCA News
Ref; Myanmar junta ‘committing systematic crimes against humanity’