ဓာတ်ပုံ - Ready4U Grocery Mart

အိဏ်လင်းအိမ်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၀ ရက်

စစ်ကောင်စီတပ်နှင့် ဒေသခံ PDF များအကြား တိုက်ပွဲများဖြစ်ပွားနေသည့် အညာဒေသတွင် ငရုတ်သီးအခြောက်တောင့်တစ်ပိဿလျှင် ကျပ်သုံးသောင်းဝန်းကျင်အထိ စံချိန်တက်မြင့်တက်နေကြောင်း မကွေးတိုင်း​ဒေသခံအချို့ထံမှ သိရသည်။

နိုင်ငံအနှံ့၌ ငရုတ်အများစု ထွက်ရာအညာ​ဒေသများတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့်အတွက် တောင်သူများအဖို့ စိုက်ပျိုးချိန်ထက် စစ်ရှောင်ချိန်ပိုများနေခြင်းကြောင့် ငရုတ်သီးအခြောက်တောင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်သုံသောင်းထိ ဈေးတက်ခြင်းဖြစ်ကြောင်း မကွေးမြို့ခံပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

“ငရုတ်ကို အညာနဲ့ မြေလတ်ဒေသမှာ နွေ၊ မိုး၊ ဆောင်း၊ မိုးကြို၊ နွေကြို၊ဆောင်းနှောင်း စိုက်ပျိုးကြတယ်။ မိုးများတဲ့ အောက်ပိုင်းဒေသတွေမှာ ဆောင်းရာသီ‌ကျမှ စိုက်ကြတယ်။အညာ နဲ့ မြေလတ်နေရာတော်တော်များများတိုက်ပွဲတွေဖြစ်နေတော့ အဲ့ဒိကတောင်သူတွေ စိုက်ပျိုးရေးမလုပ်နိုင်ပဲ စစ်ရှောင်ရတာချည်းများနေတယ်။ငရုတ်လှောင်ထားတဲ့ ပွဲရုံတွေလည်း လက်ကျန်ပဲထုတ်ရောင်းနေရလို့ ရောင်းဈေးက သုံးသောင်းထိတက်သွားတာဖြစ်နိုင်တယ်”ဟု မကွေးမြိုခံပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ငရုတ်အများဆုံးစိုက်ပျိုးရာ ဒေသများဖြစ်သည့် ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်း၊ ကူမဲ၊ကျောက်ဆည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ချောင်းဦး၊ မြောင်၊ ဘုတလင်ဒေသများစသည့်ဒေသများတွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ် PDF များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး ငရုတ်စိုက်ပျိုးတောင်သူများ စစ်ရှောင်နေရခြင်းကြောင့် ငရုတ်ဈေးနှုန်းမှာ ပိုမိုမြင့်မားလာခြင်း ဖြစ်ကြောင်း သိရသည်။

စစ်အာဏာမသိမ်းမှီက ငရုတ်သီးအခြောက်တောင့်တစ်ပိဿလျှင် ကျပ် ၃၀၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း ကျပ် ၃သောင်းဝန်းကျင်အထစျေးတက်နေခြင်းဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

“အစ်မတို့က အစပ်ပါမှ ထမင်းစားမြိန်တာ။ ဈေးမှာ မနေ့က ငရုတ်သီးစိမ်း ၂၀၀ဖိုးဝယ်တာဈေးဆိုင်က မ​ရောင်းဘူးတဲ့။ငရုတ်အကြမ်းမှုန့် ခါတိုင်း၅၀၀ ဖိုးဝယ်တာရတယ်။ ခု၁၀၀၀ဖိုးဝယ်မှရတော့တယ်။ ငပိရည်ကြိုရင်တောင် ငရုတ်သီးထည့်မစားနိုင်တဲ့အဖြစ် ရောက်တော့မယ်။အသားဈေး/ငါးဈေးထက် ငရုတ်သီးဈေးက ထိုးတက်နေတော့ ခုချိန် ငရုတ်သီးစားနိုင်ရင် သူဌေးပဲ”ဟု ပြည်မြို့ခံအိမ်ရှင်မတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ တနေ့တခြားမြင့်တက်လာသည့်အတွက် လက်လုပ်လက်စားဒေသခံပြည်သူများ စားဝတ်နေရေးကြပ်တည်းလာနေကြောင်း မကွေးတိုင်းဒေသခံများထံမှ သိရသည်။