ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
လားရှိုးထောင်တွင် မတရားအကျဉ်းချခံထားရသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ကျဉ်းများ လုံခြုံသည့်နေရာသို့ ကယ်ထုတ်ထားနိုင်ပြီဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သတင်းရရှိသည်။
လားရှိုးအကျဉ်းထောင်သည် လားရှိုးမြို့ ရပ်ကွက် ၁၂ တွင်ရှိပြီး ထောင်ပွင့်သွားပြီဟု ယခင်ရက်ပိုင်းကတည်းက သတင်းထွက်ပေါ်နေသော်လည်း ယနေ့ ဇူလိုင် ၂၈ ရက်နေ့တွင် နိုင်ကျဉ်းများကို ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း မြေပြင်တွင်ပါဝင်နေသည့် တော်လှန်ရေးအင်အားစုများထံက သိရသည်။
” ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ခဲ့ပါပြီ။ မိသားစုတွေနဲ့လည်း အဆက်အသွယ်ရတဲ့သူတွေရနေကြပါပြီ။ လုံခြုံရေးဆိုင်ရာအခြေအနေတွေကြောင့် အသေး စိတ်တော့ပြောလို့မရသေးဘူး” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လားရှိုးထောင်မှ လွတ်မြောက်သည့် နိုင်ကျဉ်းအရေအတွက် အတိအကျကို မသိရသေးဘဲ လွတ်မြောက်လာသူများထဲတွင်ပါဝင်သည့် ပြည်သူ့လွှတ်တော် ဒုတိယက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင်တစ်ဦးလည်းဖြစ်သည်။
အကျဥ်းထောင်အနီး တိုက်ပွဲဖြစ်ပွားနေပြီး ထောင်ပေါက်၍ အကျဉ်းသားများလွတ်မြောက်သွားသည့်သတင်းကို စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ရေးသားဖော်ပြနေကြသည်။
လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကသိမ်းပိုက်ရရှိထားပြီဟု သတင်းထုတ်ပြန်ထားပြီး လားရှိုးမြို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
လားရှိုးမြို့နယ်အုပ်ချုပ်ရေးအတွက် အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မည်ဟု MNDAAက ထုတ်ပြန်ထားပြီး ဝတပ်ဖွဲ့များက အင်အားရာချီ၍ လားရှိုးမြို့သို့ ဝင်ရောက်လာခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
#လားရှိုးထောင် #အကျဉ်းကျ #ဦးထွန်းထွန်းဟိန် #နိုင်ကျဉ်း #လုံခြုံသည့်နေရာရောက်ရှိ #Ayeyarwaddy_Times