ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

လားရှိုးမြို့သိမ်း တိုက်ပွဲဖော်ဆောင်နေသည့် ကိုးကန့်တပ်မတော် (MNDAA) က လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားစတင်ကိုင်တွယ်‌လိုက်ကြောင်းနှင့် အုပ်ချုပ်မှုကော်မတီဖွဲ့စည်း၍ တိုက်ပွဲအပြီး ဒေသပြန်လည် ဆောက်လုပ်ရေးလုပ်ငန်းများကို တာဝန်ယူလိုက်ကြောင်း ဇူလိုင် ၂၇ ရက်နေ့ ရက်စွဲဖြင့် ထပ်လောင်းထုတ်ပြန်ခဲ့သည်။

လားရှိုးမြို့ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေရန် ဆောင်ရွက်မည့် အချက်များကို ဖော်ပြ ရာတွင် တရုတ်၏ ကြားဝင်စေ့စပ်ပေးရေး မူဝါဒကို တစိုက်မတ်မတ်လိုက်နာကာ တိုက်ပွဲ အမြန်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်းရေးအတွက် ကြိုးပမ်းသွားမယ်ဟု MNDAA က ဆိုသည်။

ထို့ပြင် လားရှိုးမြို့ပေါ်ရှိ ပုဂ္ဂလိကပိုင်ပစ္စည်းဥစ္စာများကို မကျူးလွန်ရ၊ ချိုး ဖောက်ပါက စစ်ရေးအရ ပြင်းထန်စွာအရေးယူမည် ဟု MNDAA က ထုတ်ပြန်ထားသည်။

ဆက်လက်၍ အရပ်သားနေအိမ်များကို စစ်ရေးအဆောက်အဦးအဖြစ်အသုံးပြုနေထိုင်ခြင်းမပြုရ၊ စစ်ရေးဆိုင်ရာလှုပ်ရှားမှုမဟုတ်ဘဲ အရပ်သားနေအိမ်သို့မဝင်ရ၊ အရပ်သား၏ကား(ယာဉ်) များကို အတင်း အဓမ္မစေခိုင်း အသုံးပြုခြင်းမပြုရ၊ အရပ်သားထံ ငွေ ကြေးသို့မဟုတ် ပစ္စည်းများကောက် ယူခြင်း၊ ပို့ခိုင်းခြင်းမပြုရ၊ စစ်ရေးအုပ်ချုပ်မှုကာလအတွင်း မည်သည့်ဌာနနှင့်ပုဂ္ဂိုလ်ထံ အခွန်ကောက် ခြင်းမပြုရဟု MNDAA က ဆိုထားသည်။

ယင်းအပြင် စစ်သုံ့ပန်း လက်နက်ချအညံ့ခံသူနှင့် အလင်းဝင်သူများကိုကောင်းမွန်စွာဆက်ဆံကြရန်၊ မည်သည့် အကြောင်းပြချက်နှင့်မျှနှိပ်စက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများမပြုရ၊ လားရှိုးမြို့ရှိမူလ အစိုးရဝန်ထမ်း ၊ ဆရာ/ဆရာမ ၊ ဆရာဝန် ၊ လျှပ်စစ်နှင့် ရေပိုက်လုပ် ငန်းရှင် ၊ ယာဉ်ထိန်းအဖွဲ့ နှင့် စွမ်းအင်လုပ်ငန်းရှင်များကို အထူးဒေသ(၁)မှ ဥပဒေအရ ကောင်းမွန်ကာကွယ်စောင့်ရှောက် သွားပါ မည်ဟု MNDAA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မိမိသဘောဆန္ဒဖြင့် ဆက်လက်တာဝန်ထမ်းဆောင်လိုသူများကို မူလတာဝန် ၊ ရာထူးနှင့်အညီ ဆက်လက်ထမ်းဆောင်စေမည်ဖြစ်ပြီး ပြည်သူလူထု၏ လွတ်လပ်ခွင့်ကိုချိုးဖောက်ခြင်း၊ သူတစ်ပါးအား ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ရိုက်နှက်စစ်ကြောခြင်းများကို လုံးဝကန့်ကွက်ကြောင်း ဖော်ပြထားသည်။

အရပ်သားများအနေဖြင့်ရန်သူထောက်လှမ်းရေးများ ၊ ကျဖျင်(ကျားဖြန့်)လုပ်ငန်းရှင်များနှင့် သူခိုးသူဝှက် များကို တွေ့ရှိပါက သက်ဆိုင်ရာဌာနထံသို့ အမြန်ဆုံးလာရောက် သတင်းပေးပို့ပေးပါရန် MNDAA က အချက် ရှစ် ချက်ဖြင့် ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ-ကိုးကန့်သတင်းကွန်ရက်
ပုံစာ-လားရှိုူ့မြို့တွင်းလှည့်လည်နေသည့် MNDAA တပ်ဖွဲ့များ
#MNDAA #လားရှိုး #အုပ်ချုပ်ရေး #ယန္တရား #စတင်ထုတ်ပြန် #Ayeyarwaddy_Times