ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၂၈ ရက်)

လိပ်ခေါင်းလို့ ကြားလိုက်ရင်ကိုပဲ ရယ်နေကြသူတွေ ၊ ရှက်နေကြသူတွေ ရှိပါတယ်။ လိပ်ခေါင်းရောဂါ ရှိသူဟာ အိမ်သာအသုံးပြုမယ်ဆိုရင် စအိုဝတစ်ဆို့နေတာကြောင့် ဝမ်းသွားချိန် ကြာပါတယ်။ အဲ့ဒီအခါ ကျရင် “ကိုရွှေလိပ်” အတွက် လိပ်အစာဖြစ်တဲ့ “ကန်စွန်းရွက်နဲ့ ပေါက်ပေါက်ဆုပ်” ယူသွားလို့ပင် စနောက်လှောင်ပြောင် တတ်ကြပါတယ်။

တကယ်တော့ ဟာသလုပ်စရာကိစ္စ မဟုတ်သလို လိပ်ခေါင်းရောဂါရှိသူတွေဟာလည်း ဆေးကုသဖို့ ရှက်မနေသင့်ပါဘူး။

🟥လိပ်ခေါင်းရောဂါ

လိပ်ခေါင်းရောဂါဆိုတာ ဝမ်းသွားရာ(ဖင်)စအို‌အပေါက် နှင့် အတွင်းဖက်ဝမ်းအိမ်အဝမှာ ရှိနေတဲ့ သွေးကြောလေးတွေ ဖောင်းကြွလာလို့ စအိုပတ်လည်မှာလျော့တိလျော့တွဲဖြစ်ပြီး ဝမ်းသွားစဉ် စအိုတွင်းကို တစ်စို့စို့ ဝေဒနာဖြစ်စေပြီး ခံစားရတာဖြစ်ပါတယ်။

စအိုအဝမှာရှိတဲ့ သွေးကြောတွေဖောင်းကြွယောင်ရမ်းပြီး စအိုအထိန်းကျွံ၍ နူးညံ့ပျော့ပြောင်းတဲ့ စအို အသားတွေ ပျော့အိတွဲကျလျက် စအိုအပြင်ကို စူထွက်ကျလာတာကို လိပ်ခေါင်းလို့ သတ်မှတ်ကြပါ တယ်။ အူမကြီးအဆုံးသတ်ရာ ဝမ်းအိမ်နေရာမှာဖြစ်ရင်တော့ အတွင်းလိပ် (internal hemorrhoids) လို့ခေါ်ဆိုပြီး စအိုအဝအရေပြားမှာဖြစ်တာကိုတော့ အပြင်လိပ် (external hemorrhoids) လို့ခေါ်ပါ တယ်။

🟥လိပ်ခေါင်းဖြစ်ရသည့်အကြောင်းရင်း

ဝမ်းညှစ်သွားရခြင်း၊ အိမ်သာမှာအကြာကြီးထိုင်ခြင်း၊ နာတာရှည်ဝမ်းချုပ်ခြင်း၊ နာတာရှည်ဝမ်းလျှော ခြင်း၊ အဝလွန်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ စားသုံးတဲ့ အစားအစာတွေမှာ အမျှင်ဓာတ်နည်းပါခြင်း အမျှင်ဓာတ်ချို့တဲ့ခြင်း တွေကြောင့် လိပ်ခေါင်းရောဂါဖြစ်လာနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အထိုင်များသူတွေ၊ လိပ်ခေါင်ရောဂါမျိုးရိုးရှိသူတွေ၊ ငွေကြေးချမ်းသာပြီး ဇိမ်ခံပစ္စည်းတွေသုံးနိုင်သူအထက်တန်းလွှာတွေ၊ အူမကြီးကင်ဆာဖြစ်နေသူတွေ၊ အသည်းရောဂါ ခံစားနေရသူတွေ၊ ကျောရိုးထိခိုက်ဒဏ်ရာရထားသူတွေ၊ အူမကြီးဝမ်းအိမ်မှာခွဲစိတ်ထားဖူးသူတွေ၊ ကလေးမီးဖွားစဉ်မွေးလမ်းကြောင်းချဲ့ထားဖူးသူတွေ၊ စအိုဖြင့်လိင်ဆက်ဆံခြင်းပြုသူတွေ၊ အူရောင် အူနာရောဂါရှိသူတွေ၊ အလေးအပင်မနေကြရသူတွေမှာ လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေတွေ ပိုးတိုးပွားပါတယ်။

🟥လိပ်ခေါင်းဝေဒနာရှင်များကြုံတွေ့ခံစာရသည့် လက္ခဏာများ

ဝမ်းသွားရခက်ခြင်းက အမြဲကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပါတယ်။ အတွင်းလိပ်‌ခေါင်းရောဂါက စမ်းသပ် မှသာသိနိုင်မည်ဖြစ်ပြီး နာကျင်ခြင်းမရှိတတ်ပါ။ ဝမ်းညှစ်သွားရတဲ့အခါမှ လိပ်ခေါင်းမျက်နှာပြင် နုနုလေးကိုပွတ်တိုက်ထိခိုက်ပြီး ဝမ်းသွားသွေးပါဖြစ်လာတတ်ပါတယ်။ နာကျင်ခြင်းမရှိဘဲ ဝမ်းတွင် သွေးပါခြင်း ကြုံရပါက လိပ်ခေါင်းရောဂါကို သတိပြုရှာဖွေရပါမယ်။

အပြင်လိပ်ခေါင်းကတော့ စအိုအဝမှာဖြစ်တာ‌ကြောင့် နာကျင်နေတတ်ပါတယ်။ စအိုအဝမှာ တစ်ခုခု ထွက်လာပြီးတစ်စို့နေသလိုခံစားရတတ်ပါတယ်။ စအိုအဝတွင်တင်းကျပ်ကျပ်နဲ့ မအီမသာဖြစ်ခြင်း၊ စအိုဖူးယောင်ခြင်း၊ စအိုအဝယားယံခြင်းနဲ့ စအိုနာကျင်ခြင်းတွေကို ခံစားရပါတယ်။

🟥လိပ်‌ခေါင်းရောဂါကုသနည်းလမ်းအသွယ်သွယ်

မြန်မာနိုင်ငံကလူတွေကတော့ လိပ်‌ခေါင်းရောဂါဖြစ်တာကို ရှက်ကြပါတယ်။ လူသိမခံဝံ့ဘဲ ဆေးမီးတို နဲ့ကုသကြပါတယ်။ ဆေးခန်းအတုတွေဆီသွားပြီး လိပ်‌ခေါင်းရောဂါကို ဆေးဖယောင်းချက်လိမ်းခြင်း၊ အရွက်များထောင်း၍အုံခြင်း၊ တိုက်စားစေတတ်သော ဓာတုဆေးဝါးများထည့်ခြင်း၊ လိပ်ခေါင်းအတွင်း ဆေးထိုးထည့်ခြင်း၊ အဆူးဖြင့်ထိုးခြင်းနဲ့ လှီးထုတ်ခြင်း၊ ဖြတ်ထုတ်ခြင်းတွေလုပ်ကြပါတယ်။

ဆေးဆိုင်များတွင် အလွယ်တကူရသော လိပ်‌ခေါင်းလိမ်းဆေးများ အဆီများ လိမ်းကြပါတယ်။ ရေနွေးထိုင်ပေးခြင်း ၊ဆားရည်ထိုင်ပေးခြင်းတွေ လည်းလုပ်ကြပါတယ်။

လိပ်ခေါင်းဖြစ်ပြီဆိုပါက တက်ကျွမ်းနားလည်သောဆရာဝန်တွေနဲ့ ပြသပြီး စနစ်တကျကုသ သင့်ပါတယ်။ လိပ်ခေါင်းရောဂါကို အဆင့်လေးဆင့်ခွဲခြားနိုင်ပါတယ်။ ကုသမှုလည်းကွာခြားပါတယ်။

🟥 လိပ်ခေါင်းအဆင့် ၁ မသိသာ မထင်းရှားသောအတွင်းလိပ်ခေါင်း

ဝမ်းသွားစဉ် သွေးပါတတ်ပါတယ်။ နာကျင်ခြင်းမရှိတတ်ပါဘူး။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ စမ်းသပ်ပြီး စအိုကြည့်ကိရိယာဖြင့်ကြည့်ရှုမှသာ သေးငယ်သောလိပ်ခေါင်း သွေးကြောဖောင်းခြင်း ကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။

နေ့စဉ်လူနေမှုဘဝပုံစံ ပြောင်လဲကျင့်သုံးမယ်။ အမျှင်ဓါတ်ပါတဲ့အစားအစာတွေများစားမယ်။ ဝမ်းမချုပ် အောင်နေမယ်။နေ့စဉ်ရေများများသောက်မယ်။ သွက်လက်လှုပ်ရှားပြီး လေ့ကျင့်ခန်းတွေ လုပ်မယ်။ ရေနွေးနွေးနဲ့ရေချိုးမယ်။ လိပ်ခေါင်းဆေးဝါးများသောက်သုံးပြီး လိမ်းဆေးများလိမ်းမယ်ဆိုပါက သက်သာပျောက်ကင်းတဲ့အဆင့်ဖြစ်ပါတယ်။ ခွဲစိတ်ဖယ်ရှားဖို့မလိုအပ်တတ်ပါဘူး။

🟥 လိပ်ခေါင်းအဆင့် ၂ ကျွံဆင်းလာလိပ်ခေါင်း

ဝမ်းသွားစဉ်မှာ လိပ်ခေါင်းက စအိုအဝကို ပြူထွက်လာပြီး ဝမ်းသွားရခက်စေပါတယ်။ဝမ်းသွေးပါ၍ စအိုအဝတွင် တစ်ခုခုတစ်စို့နေသလို ခံစားရပါတယ်။ ဝမ်းသွားအပြီးတွင် သူ့အလိုလို ပြန်ကျုံ့ဝင် သွားပါတယ်။

ဒီအဆင့်မှာဆိုရင်တော့ အစာအိမ်နဲ့အူလမ်းကြောင်းအထူးကုဆရာဝန်ဖြစ်ဖြစ် ခွဲစိတ်အထူးကု ဆရာဝန်ဖြစ်ဖြစ် ပြသဆွေးနွေးပြီး သွေးကြောဖောင်းနေတဲ့လိပ်ခေါင်းနေရာကို သားရေကွင်း ချည်ကုသမှု (Rubber Band Ligation) ဖြစ်စေ လိပ်ခေါင်းချပ်ဆေးထိုးသွင်းကုသမှု ( sclerotherapy) ဖြစ်စေ သင့်သော်ရာနည်းလမ်းနဲ့ ပျောက်ကင်းအောင်ကုသသင့်ပါပြီ။

🟥 လိပ်ခေါင်းအဆင့် ၃ ကျွံဆင်း၍ပြန်ထည့်နေရသောလိပ်ခေါင်း

စအိုဝမှတစ်ဆင့်ပြူထွက်လာသော လိပ်ခေါင်းကို ဒီအတိုင်းထားပါကပြန်မဝင်တော့၍ လက်ဖြင့် အထဲပြန်သွင်းနေရပါပြီ။ သားရေကွင်းချည်ကုသမှု (Rubber Band Ligation) လိပ်ခေါင်းချပ် ဆေးထိုးသွင်းကုသမှု (sclerotherapy) တို့ဖြင့် ကုသ၍နိုင်သလို အချို့အခြေအနေတွေမှာတော့ လိပ်ခေါင်းကိုခွဲစိတ်ဖြတ်တောက်ကုသသည့် နည်းလမ်း (Hemorrhoidectomy -surgical removal) ကိုသာ ရွေးချယ်ကုသရပါတယ်။

🟥 လိပ်ခေါင်းအဆင့် ၄ ကျွံဆင်း၍ပြန်ထည့်မရသောလိပ်ခေါင်း

ပြုထွက်လာသောလိပ်ခေါင်းကို ပြန်ထည့်၍မရတော့သည့်အနေအထားရောက်သည့်အခါ လူနာသည် နာကျင်ခြင်း သက်သောင့်သက်သာမဖြစ်ဘဲတစ်စို့နေခြင်း၊ သွေးထွက်နေခြင်း၊ လိပ်ခေါင်းအနာ ဖြစ်ခြင်းတွေပါ ယှဉ်တွဲကြုံရတတ်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်အကြံဉာဏ်ရယူကာ ခွဲစိတ်ကုသခြင်းကိုသာမဖြစ်မနေ ရွေးချယ်ရမည်ဖြစ်ပါတယ်။

လိပ်ခေါင်းကိုခွဲစိတ်ဖြတ်တောက်ကုသခြင်း (Hemorrhoidectomy) နဲ့ ပြင်ပဓားခွဲကြောင်းမပါဘဲ လိပ်ခေါင်းကို စတာပလာဖြင့်ချည်‌တုပ်ခွဲစိတ်ခြင်း (stapled hemorrhoidopexy) နည်းလမ်း ဖြင့် ကုသနိုင်ပြီ ဖြစ်ပါတယ်။

စစ်ရှောင်သူပြည်သူများနှင့် လိပ်ခေါင်းရောဂါသံသယရှိသူများအတွက် အကြံပေးလိုသည်မှာ ကျန်းမာ ပျော်ရွှင်တဲ့လူနေမှုပုံစံအတိုင်း သွက်သွက်လက်လက်လှုပ်ရှားပါ။ အရည်များများသောက်ပါ။ ဝမ်းမချုပ် စေဖို့ဂရုစိုက်ကြပါ။ ဝမ်းမသွားဖို့ထိန်းချုပ်မထားပါသင့်ပါ။ အိမ်သာမကြာခဏသွားပေးပါ။ အမျှင်ဓာတ်‌ ကြွယ်ဝတဲ့ အစားအစာတွေ အစိမ်းရောင်ရွက်တွေစားသောက်ပေးပါ။ ရောဂါစစ်ဆေးရန် အူမကြီး မှန်ပြောင်း ကြည့်ပေးနိုင်ပါက အကျိုးရှိပါတယ်။ တစ်ခုခုခံစားရပြီဆိုပါက ကျန်းမာရေးဝန်ထမ်းတွေကို ပြသတိုင်ပင် ဆွေးနွေးဖို့ဝန်မလေးပါနှင့်လို့ ပြောပါရစေ။

နောက်တစ်ပတ်မှာတော့ အသက်ကယ်နိုင်သောသွေး ( သွေးလှူခြင်း ) ဆောင်းပါးကို တင်ဆက် ပေးသွားပါမယ်ခင်ဗျာ။ ဧရာဝတီတိုင်းမ်မီဒီယာရဲ့ ကျန်းမာရေးပညာပေးကဏ္ဍကို အပတ်စဉ် စောင့်မျှော် ကြည့်ရှု့ အားပေးရင်းကျန်းမာရေး အသိပညာများရယူကြပါခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #မမြင်ကွယ်ရာကလိပ်ခေါင်းရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)