
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
ထိုင်ဝမ် တွင် တိုက်ခတ် နေသည့် တိုင်ဖွန်းမုန်တိုင်း Gaemi ကြောင့် ထိုင်ဝမ် တောင်ပိုင်းဆိပ်ကမ်းမြို့ Kaohsiung မြို့ကမ်းလွန်တွင် နစ်မြုပ်ခဲ့သည့် ကုန်တင်သင်္ဘောပေါ်မှ ခုန်ချခဲ့သည့် မြန်မာနိုင်ငံသား သင်္ဘောသား ကိုး ဦးအနက် လေးဦးကို ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက် နေ့က ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။
သင်္ဘောနစ်မြုပ်မှုကြောင့် အသက်ကယ်အင်္ကျီများဖြင့် ပင်လယ်ထဲသို့ ခုန်ချခဲ့သည့် သင်္ဘောသား ကိုးဦးအနက် လေး ဦး ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်လေးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သင်္ဘောကပ္ပတိန်ဖြစ်သူကိုမူ သေဆုံးလျက် တွေ့ရှိကြောင်း သိရသည်။
တန်ဇန်းနီးယားနိုင်ငံအလံ ထောင်ထားသည့် ကုန်တင်သင်္ဘောတစ်စင်းမှ မြန်မာနိုင်ငံသား သင်္ဘောသား ကိုးဦးသည် သင်္ဘောနစ်မြုပ်ချိန်တွင် အသက် ကယ်လှေဆီသို့ အချိန်မီ မရောက်နိုင်တော့သည့်အတွက် လက်ချင်းချိတ်ကာ ပင်လယ်ထဲသို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားကြသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ဇူလိုင် ၂၄ ရက် နေ့ည သန်းခေါင်အချိန်တွင် ထိုင်ဝမ်အရှေ့မြောက်ပိုင်းကမ်းရိုးတန်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်ဝမ်တွင် ရှစ်နှစ်အတွင်း အပြင်းထန်ဆုံး တိုက်ခတ်ခဲ့သည့် မုန်တိုင်း ဖြစ်ကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း Gaemi တိုက်ခတ်မှုကြောင့် ထိုင်ဝမ်အပါဝင် တရုတ်နိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံများလည်း မုန်တိုင်းဒဏ်ကို ခံစားခဲ့ကြရပြီး ဖိလစ်ပိုင်နိုင်ငံတွင် လူ ၂၀ ဦးနှင့်အထက် သေဆုံးခဲ့ပြီဖြစ်ကာ လောင်စာဆီတင်သင်္ဘောတစ်စီးလည်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ကိုးကား – AlJazeera၊ BBC
#ထိုင်ဝမ် #သင်္ဘောသား #မြန်မာနိုင်ငံသား #သေဆုံး #ပျောက်ဆုံး #တိုင်ဖွန်းမုန်တိုင်း #Gaemi #Ayeyarwaddy_Times