ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ရက်

ယခုရက်များအတွင်း ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် မိုးသည်း ထန်စွာရွာသွန်းလျက်ရှိပြီး မိုးရေချိန်သည် စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိခဲ့သည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ “သူဌေးချောင်းဆည်”သည် ယနေ့ ဇူလိုင် ၂၇ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ် တိုင်းတာချက်များအရ စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်လာနေပြီဖြစ်‌ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

ဆက်လက်၍လည်း ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလားအလာများကို တွေ့နေရသောကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ “အမြန်ဆုံး” ချက်ချင်း ရွှေ့ပြောင်းပေးရန် အရေးပေါ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း AA က အသိပေးထားသည်။

AA အနေဖြင့် လွန်ခဲ့သောရက်များက မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့်အတွက် ကြိုတင်အသိပေးထားခဲ့ပြီး ယနေ့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်‌ကြောင်း ဆိုထားသည်။

မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက် ပေးကြရန်အလေးအနက် တိုက်တွန်းအပ်ပါကြောင်း AA က အသိပေးထားသည်။

သံတွဲမြို့တွင် ပြီးခဲ့သည် ဇူလိုင် ၂၄ရက်နေ့ကစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ သံတွဲတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် အလောင်းများပါ ရေနှင့်အတူ မျောပါလာကြောင်း သံတွဲဒေသခံများထံက သိရသည်။

ဓာတ်ပုံ-AA Info Desk
#ရခိုင် #သံတွဲ #သူဌေးဆည် #စိုးရိမ်ရေမှတ် #အနီရောင်အဆင့် #ဒေသခံများပြောင်းရွှေ့ #AAသတိပေး #Ayeyarwaddy_Times