ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်

ဧရာဝတီတိုင်း၊ ဟသ်ာတမြို့နယ်အတွင်းရှိ အိပ်ပျက်ကျေးရွာအုပ်စုမှ ကျေးရွာများတွင် မြစ်ရေကြီးမှုကြောင့် နေအိမ်မျာပြောင်းရွှေ့ရသည့်ဒေသခံတစ်ထောင်ကျော်အတွက် အစားအသောက်၊အမိုးအကာ နှင့် အဝတ် အထည်များ အကူအညီလိုအပ်နေကြောင်း သိရသည်။

“ရေတက်ပြီး အိမ်တွေမြုပ်ကုန်လို့ အိမ်ခြေ၂၀၀လောက် ရွှေပြောင်းကြရတာ မပြောင်းတဲ့အိမ်ဆိုလို့ ခြေတံရှည်နဲ့ လှေ ရှိတဲ့အိမ်ဆယ်ဂဏန်းလောက်ပဲကျန်တယ်။ ရေလွတ်တဲ့ဓမ္မာရုံနဲ့ဘုန်းကြီးကျောင်းနဲ့ တာဘောင်တွေပေါ်မှာတဲထိုးနေကြရတယ် ဘာအကူအညီမှလဲမရပါဘူး”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဇူလိူင်လ ၁၆ရက်နေ့ကစတင်ပြီး ဧရာဝတီမြစ်ရေ မြင့်တက်ကာနေအိမ်များနစ်မြုပ်လာသည့်အတွက် အိပ်ပျက်၊ ဖောင်ဆိပ်၊ ငှက်ပျောတော၊ တာငုတ်၊ အုန်းတောကျေးရွာများမှ ဒေသခံတစ်ထောင်ကျော်ခန့် ဘေးလွတ်သည့်နေရာများသို့ ယနေ့အထိပြောင်းရွှေ့နေထိုင်နေရကြောင်းသိရသည်။

”အိပ်ပျက်ကျေးရွာအုပ်စုက ဒေသခံတွေရေတွေကြီးတော့အလုပ်လဲမရှိဘူး ၊ စားစရာလည်းမရှိဘူး ပရဟိတသမားတွေကထမင်းထုပ်လေး တစ်ခါတစ်လေလာလှူတယ်။ ဘုန်းကြီးကျောင်း တွေမှာလဲလူကပြည့်နေတော့ တာပေါင်လေးပေါ်မှာ ယာယီ တဲထိုးပြီးနေရတာ’ဟုဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီမြစ်ရေ စတင် တက်ရောက်စဥ် က စစ်ကောင်စီ၏ တိုင်း၀န်ကြီးချုပ်ဆိုသူ ရောက်ရှိလာပြီး ငွေသောင်ယံဘုန်းကြီးကျောင်းရှိ ပြောင်းရွှေ့နေထိုင်သော လူဦးရေ ၅၀ခန့်ကိုသာစားသောက်ကုန်များ ပေးအပ်ခဲ့ပြီးနောက်ပိုင်း ယနေ့အထိ မည်သည့်အကူအညီမှ မရတော့ကြောင်း ဒေသခံများကပြောသည်။

ရေဘေးကြောင့်ပြောင်းရွှေနေထိုင်နေရသော ဒေသခံ တစ်ထောင်ကျော်တွင် သက်ကြီး ရွယ်အို နှင့် ကလေးငယ်များပါဝင်ပြီး တစ်ချို့မှာ ရာသီတုပ်ကွေးရောဂါများဖြစ်ပွါးနေကြောင်းသိရသည်။

#င်္ဟသာတမြို့နယ် #ရေဘေးကြောင့် #လူ၁၀၀၀ကျော် #အကူအညီလိုအပ်နေ #Ayeyarwaddy_Times