
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
စစ်အာဏာရှင်စနစ်အပြီးတိုင်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော် တည်ဆောက် ရန် ကြိုးစားချိန်တွင် ရပ်တည်ချက်ခိုင်မာပြတ်သားသူဟု နာမည်ကျော်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ ဈာပနအခမ်းအနားကိုကျင်းပခဲ့ပြီး ယနေ့ ဇူလိုင် ၂၇ ရက်နေ့တွင် ၎င်း၏ ဆန္ဒအတိုင်း ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းရုံး (KNU) ခေါင်းဆောင် ကရင်လူမျိုးများ၏ စံပြခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် (ခေါ်) သရမူး အသက် (၆၉) နှစ်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့စလိယန်းမြို့နေအိမ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က ကွယ်လွန်ခဲ့သည်။
“ဆရာမကြီးရဲ့ ဈာပနာကို ဒီနေ့လုပ်မှာပါ။ သူမဆုံးခင်က မှာခဲ့တဲ့ သဘောဆန္ဒအတိုင်းဂူသွင်းထားရှိမှာပါ။ မဲ့စလိယန်းမှာပဲ မြေမြုပ်ဖြစ်ပါတယ်။ (မူလက တပ်မဟာ (၇) က သေဘေးထ အာဇာနည်ကုန်းမှာ ဂူသွင်းဖို့) လမ်းခရီးအခက်အခဲလည်းရှိလို့ ဒီနေရာမှာပဲ စျာပနာပွဲလုပ်ဖြစ်ပါတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နော်စီဖိုးရာစိန်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုင်းပြည်အာဏာကို မတရား သိမ်းယူခဲ့သော အကြမ်းဖက်စစ်အုပ်စု၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ပျက်ပြယ်ကြောင်း အစောဆုံးထုတ်ဖော်ပြောကြားခဲ့သည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သည်။
ပဒိုနော်စီဖိုးရာစိန်သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO)တို့တွင် ခေါင်းဆောင်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး အမျိုးသမီးအဖွဲ့အစည်းများကွန်ရက် (WON)က ပေးအပ်သည့် အမျိုးသမီးငြိမ်းချမ်းရေးဆုကို ချီးမြှင့်အပ်နှင်းခြင်းခံရသူဖြစ်သည်။
ပဒိုနော်စီဖိုးရာစိန်ကို ၁၉၅၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် မိခင်နာ နော်ဖောကဝေါ် နှင့် ဖခင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗိုလ်ချုပ်မှူးကြီး စောတာမလာဘောတို့က မွေးဖွားခဲ့ကာ နော်စီဖိုးရာစိန်တွင် ညီကိုမောင်နှမ ရှစ်ယောက်ရှိပြီး ငါးယောက်မြောက် သမီးဖြစ်သည်။
ပဒိုနော်စီဖိုးရာစိန်သည် တော်လှန်ရေးမျိုးရိုးစဥ်ဆက်မှ ဆင်းသက်လာသည့်အတွက် တော်လှန်ရေး ဆိုင်ရာအခက်အခဲ အမျိုးမျိုးကို ကြုံတွေ့ခံစားခဲ့ရသူဖြစ်သည်။
KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် စစ်ပွဲပဋိပက္ခကြောင့် မိသားစုနှင့်အတူ တစ်နေရာပြီး တစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ (IDP) ဘဝဖြင့် ဖြတ်သန်းခဲ့ရသူဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည့် ဘဝဖြတ်သန်းမှုအကျဥ်းတွင် ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွက် နော်စီဖိုးရာစိန်၏ ကြိုးပမ်းဆောင်ရွက်မှုများကို မှတ်တမ်းတင်ကာ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ( PSLF/TNLA) က ပဒိုနော်စီဖိုးရာစိန်၏ မြန်မာပြည်အမျိုးသမီးအရေးအပါအဝင် ကရင်အမျိုးသမီးအရေးနှင့် တိုင်းရင်းသားပြည်သူတို့၏ အရေးကိစ္စများဆောင်ရွက်မှု၊ KNU ဒုတိယဥက္ကဋ္ဌ နှင့် အထွေထွေအတွင်းရေးမှူးစသည့်မြင့်မားသော တာဝန်များထမ်းဆောင်ခဲ့သည့်ခေါင်းဆောင်မှုကို အောက်မေ့သတိရမှတ်တမ်းတင်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အတူ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)ကလည်း မျိုးဆက်သစ်ခေါင်းဆောင်များ စံထားအပ်သည့် ပဒိုနော်စီဖိုးရာစိန်၏ မေတ္တာ၊ သစ္စာ၊ စေတနာနှင့် အနစ်နာခံ ပေးဆပ်စွန့်လွှတ် ကြိုးပမ်းအားထုတ်ခဲ့မှုများကို အစဉ်အမြဲ အောက်မေ့သတိရလျက် ပဒိုနော်စီဖိုးရာစိန်အားဂုဏ်ပြု ဦးညွှတ်ကြောင်း ဝမ်းနည်းခြင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။
ပဒိုနော်စီဖိုးရာစိန်သည် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှစတင်၍ ငြိမ်ချမ်းရေး ဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်ရာတွင် ပါဝင်လာပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးရန် အကြိမ်ကြိမ်ဆွေးနွေးခဲ့ရသူ၊ သဘောထားတင်းမာသူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။
ဓာတ်ပုံ -ဧရာ၀တီတိုင်းမ်
ပုံစာ- ပဒိုနော်စီဖိုးရာစိန် ဈာပနအခမ်းအနားနှင့် ဂူသွင်းသင်္ဂြိုဟ်စဉ်
#KNUဒုတိယဥက္ကဋ္ဌ #နော်စီဖိုးရာစိန် #ကွယ်လွန် #ဂူသွင်းသင်္ဂြိုဟ် #Ayeyarwaddy_Times