
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
ကရင်ပြည်နယ်၊ မြ၀တီသို့ သွားရောက်ရန် ၄ နာရီမကြာသည့်ခရီးကို ၄ လနီးပါးကြာချီတက်ခဲ့သည့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကြီးသည် အဖွဲ့ခွဲ၍ နောက်တန်းသို့ပြန်ဆုတ်လာရာ ဇူလိုင် နောက်ဆုံးပတ်တွင် အင်အားအလုံးအရင်းဖြင့် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့ကတည်းက ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဦးစီးပြီး မြဝတီမြို့သို့ စေလွှတ်ခဲ့သည့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ် ကြောင်းသည် ယခုတစ်ပတ်အတွင်း အင်အားအလုံး အရင်းဖြင့် နောက်ပြန်ဆုတ် လာရပြီဖြစ်ကြောင်း တောင်ပိုင်းတိုင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“စပို့တုန်းကတော့ အင်အား ၅၀၀ နဲ့ စစ်ကူတွေလည်း ပို့ပါတယ်။ ဒါပေမဲ့ ရှေ့ကိုမတက်နိုင်ဘဲ ကြားဖြတ်တိုက်ခိုက်ခံရတာတွေ၊ ငှက်ဖျားနဲ့သေတာတွေ၊ အစုလိုက် ထွက်ပြေးတာတွေနဲ့ အင်အားချိနဲ့လာတယ်။ ဘယ်ချိန် ဝင်တိုက်မယ်မသိဘဲ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်နဲ့ ကာ့ကရိတ်မှာ သောင်တင်နေရာ ၃ လနီး ပါးပဲ။ အခုတစ်ပတ်အတွင်း နောက်ချန်အင်အားအနည်း ငယ်ထားပြီး အဖွဲ့လိုက်၊ တပ်ရင်းလိုက် ပြန်လည်ဆုတ် ခွာနေပါပြီ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အောင်ဇေယျစစ်ကြောင်းမှ တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင် ၂၄ နှင့် ၂၅ ရက်တို့တွင် စစ်သုံးကားကြီး ၁၈ စီးဖြင့် တစ်စီးလျှင် လူ ၂၀ ကျော်တင်ကာ ဘားအံဘက်သို့ဦးတည်ပြီး ဆုတ်ခွာလာကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ကော့ကရိတ်မြို့၊ သတန်ကူကျေးရွာ ရွှေ ကြက်မင်းဘုန်းကြီးကျောင်းတိုက်သို့ စစ်ကြောင်းပြန် ဆုတ်လာပြီး ကျောင်းဝင်းအတွင်း၌ပင် တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။
ဒေါနတောင်ခြေတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်မှုကြောင့် အင်အားချိနဲ့နေပြီး ဒဏ်ရာရရှိနှင့် ဖျားနာနေသူများ သောကြောင့် ရွှေကြက်မင်းဘုန်းကြီးကျောင်းကို နောက်တန်းစခန်းအဖြစ် တပ်စွဲနေထိုင်နေကြကြောင်း သိရသည်။
ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဘုန်း ကြီးကျောင်းပေါ်တွင် ဆေးကုသမှုပြုလုပ်နေရပြီး ဒဏ်ရာပြင်းထန်သူအချို့ကို တောင်ကလေးစစ်ဆေးရုံသို့ တဆင့်ပို့ဆောင်ရာ ဆေးရုံသွားရာလမ်းတွင် လည်း ကြားဖြတ်တိုက်ခိုက်ခံနေရသည့်အတွက် ရှေ့တိုးမရ နောက်ဆုတ်မရဖြင့် စစ်ကြောင်းမှာ အပြင်းအထန်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းကြီးသည် ဧပြီလကဖြစ်ပွားခဲ့သည့် မြဝတီမြို့သိမ်းတိုက်ပွဲတွင် မြဝတီမြို့၊ မြို့ စောင့်တပ်ဖြစ်သည့် ခလရ -၂၇၅ ကို စစ်ကူအင်အားဖြည့်ရန် ချီတက်လာသည့် စစ်ကြောင်းကြီးဖြစ်ပြီး ဒေါန တောင်ခြေမရောက်ခင် တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ယနေ့အချိန်ထိ လိုရာ ခရီးကိုရောက်ရှိခြင်းမရှိဘဲ နောက်ပြန်ဆုတ်ခဲ့ရသည့် စစ်ကြောင်းကြီးဖြစ်သည်။
ယင်းအောင်ဇေယျစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် ပူးပေါင်းတပ်နှင့် PDF တပ်ဖွဲ့စုံက အာရှလမ်းသစ်လမ်းပိုင်းနေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကျအဆုံးများပြီး ယခုပြင်းထန်သည့် မိုးရာသီကာလတွင် ငှက်ဖျားရောဂါများနှင့် ထိခိုက်ဒဏ်ရာရရှိသူ များပြားနေသည့်အတွက် စစ်ကြောင်းပြန်ဆုတ်ရန် ဇွန်လကတည်းက တောင်းဆိုမှုများရှိခဲ့ကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါအောင်ဇေယျစစ်ကြောင်းသည် မူလက စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ချီတက်မှုများပြုလုပ်ခဲ့ပြီး စစ် ကြောင်းတစ်ကြောင်းမှာ တောနောရေတံခွန်တောင်ကြော၊ ဘုရားကုန်း၊ ကော့ကရိတ်စိုက်မွေး ဇုန်တောင်ကုန်းတို့ကို မကျော်နိုင်ဘဲ PDF တပ်ဖွဲ့များ၏ ကြား ဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရသည်။
ထို့အတူ လမ်းဟောင်းဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းတစ်ခုမှာလည်း ကောင်းမှုရွာ ဘက်သို့ မကျော်နိုင်ဘဲ ဒဏ်ရာများစွာနှင့် တပ်ဆုတ်သွားရကြောင်း သိရသည်။
ယခုဆိုလျှင် နိုင်ငံတော်အဆင့် စစ်ကြောင်းကြီးသည် စစ်သုံးကားကြီး ၁၈ စီးဖြင့် ဘားအံမြို့သို့ ဆုတ်ခွာလာနေပြီး ဒေါနတောင်ခြေနှင့် ကော့ကရိတ်လမ်းတစ်လျှောက်တွင် အင်အားအနည်းငယ်ခန့်ကို နောက်ချန်ထား၍ ပြန်ဆုတ်ခွာသွားပြီဖြစ်သည်။
ဓာတ်ပုံ-MOI
ပုံစာ-(၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်း အနားတွင် ပါဝင်ချီတက်စစ်ရေးပြ ကြမည့် စစ်ရေးပြစစ်ကြောင်းများကို ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းစစ်ဆေးနေစဉ်
#ကရင် #မြဝတီ #ဒေါနတောင် #စစ်ကောင်စီ #နိုင်ငံတော်အဆင့် #အောင်ဇေယျစစ်ကြောင်း #ပြန်လည်ဆုတ်ခွာ #Ayeyarwaddy_Times