
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
ချင်းပြည်နယ် မတူပီမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင်း ဖျက်ဆီးခံရသည့် မတူပီ – ပလက်ဝ ကားလမ်းပေါ်က ဘွေလီချောင်းကူးတံတား ပြိုကျပျက်စီးသွားသည့်အတွက် ဒေသခံပြည်သူများ အခက်ကြုံတွေ့ရကြောင်း သတင်းရရှိသည်။
ဘွေလီချောင်းကူးတံတားသည် မတူပီနှင့် ပလက်ဝ ဒေသခံပြည်သူများ၏ လူမူရေး၊ ကျန်းမာရေးအတွက် သွားလာရေးနှင့် စားဝတ်နေရေးအတွက် သယ်ယူပို့ဆောင်ရေးတို့ကို အဓိက အသုံးပြုသည့် တံတား တစ်ခုဖြစ်သည်။
အဆိုပါ တံတားဖျက်ဆီးခံရပြီးနောက် ဒေသခံပြည်သူများသည် တောလမ်းကိုသာ အသုံးပြုနေရသည့်အတွက် သယ်ယူရေးနှင့် သွားလာရေးတို့အတွက် အခက်ကြုံတွေ့ရခြင်းဖြစ်သည်။
“တံတားက ကား၊ ဆိုင်ကယ် လုံးဝ သွားလို့မရတော့ဘူး။ လူကတော့ ကြိုးစားပြီး သွားရင် လျောက်လို့ရသေးတယ်။ ဆန်တွေ၊ စားနပ်ရိက္ခာတွေ သယ်ယူတဲ့အခါ အရင်လို ကား၊ ဆိုင်ကယ်နဲ့ သယ်လို့မရတော့ဘဲ တောလမ်းကနေ သယ်ရတဲ့အခါ အတော် ဒုက္ခရောက်ရတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘွေလီချောင်းကူးတံတားကို ဇူလိုင်လ ၁၃ ရက်နေ့က ချင်းအမျိုးတပ်မတော် (CNA/CNF) နှင့် ပူးပေါင်းအဖွဲ့တို့က မိုင်းဖြင့် ဖောက်ကွဲဖျက်ဆီးခဲ့ကြောင်း CDF(မတူပီ)တပ်မဟာ (၁) က ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဘွေလီချောင်းကူးတံတားကို မိုင်းဖြင့် ဖောက်ကွဲဖျက်ဆီးခဲ့ခြင်းမဟုတ်ဘဲ မတူပီမြို့ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ရရှိပြီးနောက် အာရက္ခတပ်တော်(AA)သည် မတူပီမြို့နယ်ထဲသို့ လူအင်အားဖြည့်တင်းမူကြောင့် ၎င်းတို့ကို ဟန်တားခြင်းသဘောဖြင့် တံတားကို ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင့် CDF(မတူပီ)တပ်မဟာ(၂) ပြန်ကြားရေးတာဝန်ခံထံက သိရှိရသည်။
“ကျွန်တော်တို့ အရင်ကတည်းက တောင်းဆိုချက်နဲ့ သဘောထားလည်းရှိပြီးသားပါ။ AA ကို မတူပီကနေ လုံးဝဆုတ်ပေးပါလို့ အစကတည်းက ပြောပြီးသားဖြစ်တယ်။ စစ်ကောင်စီစခန်းသိမ်းပြီးနောက်ပိုင်းမှာလည်း AA ကနေ လူအင်အားတွေထပ်ခါထပ်ခါဖြည့်လာတယ်ဆိုတော့ လူတွေက အကုန်စစ်ဘေးရှောင်ရတယ်။ ဒီတော့ ကျွန်တော်တို့ မတူပီနယ်ကို AA တွေမလာနိုင်အောင် လုပ်ပေးရတယ်။ လျောက်လုပ်ရတာမဟုတ်ဘူး။ ကျွန်တော်တို့ တောင်းဆိုချက်ကို သူတို့မလိုက်နာတဲ့အတွက် နည်းမျိုးစုံနဲ့ လုပ်ရတာဖြစ်တယ်” ဟု CDF(မတူပီ) တပ်မဟာ(၂) ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘွေလီတံတားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ပေ ၄၂၀ ရှည်လျားသည့် ချောင်းကူးတံတားဖြစ်သည်။
#မတူပီ #ပလက်ဝ #ဘွေလီတံတား #ပြိုကျပျက်စီးမူကြောင့် #ဒေသခံပြည်သူများအခက်ကြုံ #Ayeyarwaddy_Times