စစ်ဝေးသော်/ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၇ ရက်

အာဏာသိမ်းစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် မြန်မာပြည် ဗုဒ္ဓသာသနာမှာ ထင်ရှားကျော်ကြားတဲ့ ဝင်းနေမ္မိတာရုံ ကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့တာ ၁ လ ပြည့်ခဲ့ပါပြီ။

အရင်ကဆို ထေရ်ကြီးဝါကြီး သက်ရှိရဟန်းတော်တစ်ပါးကိုမဆိုထားနဲ့ ဗုဒ္ဓဘာသာ အထိမ်းအမှတ် စေတီကို တူနဲ့ထုတဲ့ကိစ္စမှာတောင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး – မဘသအဖွဲ့ဝင်တွေ လက်မခံခဲ့ကြဘဲ တစ်နိုင်ငံလုံးအနှံ့ လမ်းပေါ်ထွက် ဆန္ဒတွေပြခဲ့ကြပါတယ်။

သို့ပေမယ့် ဘွဲ့တံဆိပ်တော်များစွာရရှိထားတဲ့ ကျမ်းပြုအကျော်အမော်ဆရာတော် ဦးမုနိန္ဒာဘိဝံသ ဦးခေါင်း နောက်စေ့ကို သေနတ်နဲ့အပစ်ခံရပြီး ပျံလွန်တော်မူခဲ့တဲ့ကိစ္စက တစ်နိုင်ငံလုံး ဟိုးလေး တကျော်ကျော် ဖြစ်နေချိန်မှာ မဘသအဖွဲ့တွေ ပေါ်မလာကြသလို ဒီကိစ္စနဲ့ပတ်သတ်ရင် အသံလည်း မထွက်ကြပါဘူး။ ဘာကြောင့်ပါလဲ။

နွေဦးတော်လှန်ရေး သံဃကွန်ရက် အထွေထွေအတွင်းရေးမှူး ဆရာတော် ဦးအဂ္ဂ (နယူးဒေလီ) က သူ့အမြင်ကို အခုလို မိန့်ကြားပါတယ်။

“ဆရာတော်ကြီးကို စစ်တပ်ကသတ်တာဆိုတော့ မဘသဆိုတာက စစ်တပ်ရဲ့လက်ကိုင်တုတ်၊ စစ်တပ်ရဲ့ နောက်မြှီးဆွဲပဲ။ ဒီစစ်တပ်ကို မဘသတွေ၊ မဘသရဲ့အဆက်အနွယ်တွေရော တခြားသော စစ်တပ်ကို ပံ့ပိုးနေတဲ့၊ ရပ်တည်နေတဲ့ဆရာတော်တွေရော ဘာမှလည်းပြောမှာမဟုတ်ဘူး။ ပါးစပ်က ပိတ်မြဲ ပိတ်နေမှာပဲ။ အဲတော့ မဘသကို မပြောနဲ့၊ မဘသတည်ထောင်သူလည်းဖြစ် တကယ့်အဓိပတိ ဆရာတော်ကြီးလည်းဖြစ်တဲ့ သီတဂူဆရာတော်လိုမျိုးကတောင်မှ ကျူးလွန်တဲ့စစ်တပ်ကို ဘာမှ အပြစ်ပြောခြင်း၊ ဆုံးမခြင်း၊ ဝေဖန်ခြင်း တစ်ခုမှမရှိတဲ့အပြင် ကျူးလွန်ခံရတဲ့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးဘက်ကနေ ခွင့်လွှတ်ဖို့၊ သည်းခံဖို့ နားလည်ဖို့သွားပြီးတော့ နားချနေတာ ပြောနေ တာလေ။ အဲတော့ စစ်တပ်လုပ်သမျှကို သူရဲ့နောက်မြီးဆွဲဖြစ်တဲ့ မဘသက ဘာမှဝင်မပြောဘူး၊ မစွက်ဖက်ဘူး၊ မဝေဖန်ဘူး ပါးစပ်ပိတ်နေတယ်ဆိုတာ မဆန်းပါဘူး”လို့ ဆရာတော် ဦးအဂ္ဂက ဧရာ၀တီတိုင်းမ်ကို မိန့်ကြားပါတယ်။

နိုင်ငံတော်သံယာ့မဟာနာယကအဖွဲ့ဝင်ဟောင်း ဆရာတော် ဦးမုနိန္ဒာဘိဝံသ ပျံလွန်တော်မူပြီး ၄ ရက် အကြာမှာပဲ မြင်းခြံမြို့နယ်၊ ဆခမကျေးရွာက ဆရာတော်ဦးဥတ္တမဟာ ပရဟိတကားမောင်းနေစဉ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် နေရာမှာတင် ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က ပစ်ခတ်လို့ တစ်ပတ်အတွင်း ဆရာတော် နှစ် ပါး ပျံလွန်တော်မူခဲ့ပေမယ့်လည်း မဘသအဖွဲ့တွေကတော့ မသိချင်ယောင်ဆောင် နှုတ်ပိတ်နေခဲ့ကြပါတယ်။

“စစ်တပ်လုပ်တဲ့အရာ မှန်သမျှ သူတို့က သဘောတူညီပြီးသားပဲ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အမြဲတမ်း ပံ့ပိုးပြီး ခေါင်းညိတ် နေမှာပါပဲ။ သူတို့ထောက်ခံတဲ့အဖွဲ့အစည်း သူတို့ထောက်ခံတဲ့သူတွေ သူတို့ရဲ့ ဆရာဒကာ အဆက်အစပ်ရှိတဲ့လူတွေ ကျူးလွန်ထားတဲ့အရာဆိုတဲ့အခါကျတော့ ဝင်းနေမ္မိတာရုံ ဆရာတော်ကြီး သတ်ဖြတ်ခံရမှု အခုဆိုရင် ၁ လပြည့်သွားပြီ။ အဲဒီကိစ္စမှာ ရေငုံနှုတ်ပိတ်နေကာ ဘာမှပြောမှာ မဟုတ်ပါဘူး။ စစ်တပ်ရော၊ မဘသအဖွဲ့တွေရော၊ မဘသနောက်မြှီးဆွဲတွေရော၊ စစ်တပ် နောက်မြီးဆွဲတွေရော အကုန်လုံးက ပုလင်းတူဘူးဆို့တွေဖြစ်တဲ့အတွက် ဘာမှမပြောခြင်းလည်း ဖြစ်သလို နောက်လည်းဘာမှပြောမှာ မဟုတ်ပါဘူး”လို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ရှစ်လေးလုံး ကျောင်းတိုက်ဆရာ်တော်ဦးအဂ္ဂက မိန့်ကြားပါတယ်။

မြန်မာနိုင်ငံမှာ မဘသလို့ လူသိများတဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဟာ စစ်ဗိုလ်ချုပ် ဟောင်း သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ ဥက္ကဋ္ဌကတော့ အင်းစိန်ရွာမကျောင်းတိုက်ဆရာတော် ဦးတိလောကဘိဝံသ ဖြစ်ပါတယ်။

မဘသအဖွဲ့နဲ့အတူ အခြား ထင်ရှားတဲ့ ဆရာတော်တွေကတော့ သီတဂူဆရာတော် ဦးဉာဏိဿရ၊ ဒေါက်တာ အရှင်ဆေကိန္ဒနဲ့ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးမှာဖော်ပြခြင်းခံရပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဦးဝိစိတ္တာဘိဝံသ (ခေါ်) ဦးဝီရသူတို့ ဖြစ်ပါတယ်။

မဘသအဖွဲ့မပေါ်ပေါက်မီ ၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က မသီတာထွေး မုဒိန်းကျင့် သတ်ဖြတ် ခံရမှုကို အကြောင်းပြုပြီး ရခိုင်ပြည်နယ်မှာ ဘသာရေးလူမျိုးရေး အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာလည်း မိတ္ထီလာမြို့နဲ့ ကျောင်းကုန်းမြို့မှာ ဘာသာရေးလူမျိုးရေးအဓိကရုဏ်းတွေ ထပ်မံ ပေါ်ပေါက်ခဲ့ပြီး လူတွေသေကြေဒဏ်ရာရတာ၊ နေအိမ်အဆော်ကအဦးနဲ့ အစ္စလာမ်ဗလီတွေ မီးရှို့ဖျက်ဆီးခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သေကျေပျက်စီးမှုများခဲ့တဲ့ ဒီအရေးအခင်းတွေနောက်ကွယ်မှာ ဦးဝီရသူဦးဆောင်တဲ့ မဘသ ပါဝင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရကလည်း ထိရောက်စွာတားမြစ်တာမလုပ်ဘဲ သွယ်ဝိုက်အားပေးခဲ့တယ်လို့ နိုင်ငံ တကာက စွပ်စွဲခဲ့ပါတယ်။

“ရခိုင်မှာ မသီတာထွေးအရေးအခင်းဖြစ်အောင်လုပ်တယ်။ တောင်ကုတ်မှာ အဓိကရုဏ်းဖြစ် အောင်လုပ်ပြီး လူသတ်မှုတွေဖြစ်အောင် ဖန်တီးတယ်။ အဲ့ဒီမှာဆို ဓားတွေ၊ လံတွေနဲ့ သတ်တာဖြတ်တာ ခုတ်တာထစ်တာတွေကို သူတို့ (ဦးသိန်းစိန်အစိုးရ) ဒီတိုင်းပဲ ကြည့်နေတာ။ အဲ့ဒီအချိန်မှာ မဘသအဖွဲ့ကို လူတွေအားကိုးချင်အောင်စပြီး ပုံဖော်ဖန်တီးခဲ့တာ”လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရန်းက ပြောပါတယ်။

ဒီလိုဘာသာရေးလူမျိုးရေးအဓိကရုဏ်းတွေ အပြင်းအထန်ဖြစ်ပွားပြီးတဲ့နောက် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ လမှာ မဘသအဖွဲ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

စတင်ပေါ်ပေါက်ချိန်က ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ ကြွေးကြော်ချက် ၊ ၉၆၉ လှုပ်ရှားမှုနဲ့အတူ ပေါ်ထွန်းလာခဲ့လို့ နိုင်ငံရေးအင်အားစုတွေက အထူးသတိထားပြီး စောင့်ကြည့်ခဲ့ ကြပါတယ်။

မကြာခင်မှာပဲ မဘသအဖွဲ့ရဲ့သရုပ်မှန် ပေါ်ပေါက်လာခဲ့ပါတယ်။ သူတို့ဟာ အစွန်းရောက် အမျိုးသားရေး ဝါဒကို ကိုင်စွဲပြီး မြန်မာပြည်မှာ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ပါ တော့တယ်။

ပြည်နယ်နဲ့တိုင်းအသီးသီးက မြို့ကြီးတွေမှာ အမျိုးသားရေးဆရာတော်တွေက ၉၆၉ တရားပွဲဆိုပြီး မွတ်စလင် ဆန့်ကျင်ရေးတရားတွေ အကြီးအကျယ်ဟောပြောကြသလို မွတ်စလင်ဘာသာဝင်တွေရဲ့ စီးပွားရေးတွေကို သပိတ်မှောက်ကြဖို့ လူမျိုးရေးမှိုင်းတိုက်မှုနဲ့ အမုန်းတရားတွေကို အင်တိုက်အားတိုက် ဖြန့်ဖြူးခဲ့ပါတယ်။

ဒါဟာ မသီတာထွေးအရေးအခင်း၊ မိတ္ထီလာအရေးအခင်း၊ ကျောင်းကုန်းအရေးအခင်းတွေအပြီးမှာ မဘသ အဖွဲ့ဟာ အမုန်းစကားတွေ ဖြန့်ဖြူးပြီး ဘာသာရေးလူမျိုးရေးပဋိပက္ခတွေ ပိုမိုကြီးထွားအောင် ရည်ရွယ်ချက်ရှိရှိ မီးထိုးလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီအချိန်က ကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့ ပြည်နယ်နဲ့တိုင်းအစိုးရတွေက ငွေကြေးနဲ့ပွဲမိန့်အပါအဝင် နည်းမျိုးစုံနဲ့ထောက်ပံ့ကူညီခဲ့ပါတယ်။ ဒါကြောင့် မဘသအဖွဲ့နောက်မှာ ဦးသိန်းစိန်အစိုးရ၊ ကြံ့ခိုင်ရေး ပါတီနဲ့ စစ်တပ်ရှိနေတယ်ဆိုတာ တဖြည်းဖြည်း ထင်ရှားလာခဲ့ပါတယ်။

“ဘယ်လိုလူမျိုးတွေ မဘသထဲပါသလဲဆိုရင် ကြံ့ခိုင်ရေးပါတီအမာခံတွေ၊ တပ်ကဩဇာ ညောင်းတဲ့လူတွေ၊ တပ်ကပိုက်ဆံပေးထားတဲ့သူတွေ ဖြစ်တယ်။ ဒါတွေက တဖြည်းဖြည်းထင်ရှား လာချိန်မှာ သံဃာထုက မဘသ နောက်ကို မလိုက်တာ။ နေပြည်တော်ဖြစ်ဖြစ်၊ ရန်ကုန်ဖြစ်ဖြစ် သူတို့ မဘသကလုပ်တဲ့အစည်းအဝေးဆိုရင် ဒီလူတွေပဲ အမြဲတွေ့နေရတာ။ နောက်ဆုံးပြည်သူလူထုက မဘသဆိုရင် တိုင်းပြည်ဖျက်တဲ့ အဖွဲ့အစည်း၊ သာသနာဖျက်တဲ့အဖွဲ့အစည်းလို့ကို သဘောထားတာ”လို့ ဦးဇော်ရန်းက ဆိုပါတယ်။

မဘသအဖွဲ့တွေဟာ ပြည်နယ်နဲ့တိုင်းအသီးသီးက သံဃာထုထဲ စိမ့်ဝင်ဖွဲ့စည်းထားသလို ပရဟိတ အသင်း၊ သွေးလှူရှင်အသင်း၊ လူမှုကူညီရေးအသင်းစတဲ့ အရပ်ဖက်အသွင်သဏ္ဍန်နဲ့လည်း ပုံဖျက်ကာ လူထုကြားထဲ စိမ့်ဝင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

“မဘသတွေက ထောက်ခံပွဲ၊ ကန့်ကွက်ပွဲ၊ ဆန္ဒပြပွဲစသဖြင့် ပွဲလုပ်ချင်ပြီဆိုရင် ရပ်ကွက်ထဲက အလုပ်မရှိ အကိုင်မရှိတွေ၊ ငါးထောင်စားတွေကိုခေါ်တယ်။ နောက်ပြီးရင် ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စစ်တပ် ဩဇာခံ စစ်မှုထမ်းဟောင်း မိသားစုတွေစုစည်းပြီး လုပ်ကြတာတွေ့ရတယ်။ ပြီးတော့ လုပ်သမျှပွဲ၊ ပြောသမျှစကား အကုန်လုံးက စစ်တပ်နဲ့ ကြံ့ခိုင်ရေးလေသံနဲ့ တစ်ထပ်တည်းတွေချည်းပဲ။ သူတို့ကတော့ လည်လှပြီ ထင်နေတာ။ ပြည်သူတွေက မဘသဟာ စစ်တပ်ခိုင်းသမျှ လုပ်နေရတဲ့ လက်ကိုင်တုတ်၊ ဘသာရေးအရေခြုံ အာဏာရှင်ခိုင်းဘက်၊ တိုင်းပြည်ဖျက်နေတဲ့လူတွေဆိုတာ သိပြီးသားပါ” လို့ ပုသိမ်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးကျော်နန္ဒက ပြောပါတယ်။

အရပ်သား NLD အစိုးရလက်ထက်မှာ မဘသဟာ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်အလိုကျ ဘာသာရေး အဓိကရုဏ်းတွေပေါ်ပေါက်အောင် ကြိုးပမ်းတာတွေ၊ အမျိုးသားရေးသံဃာတော် တချို့ဦးဆောင်ပြီး သပိတ်စခန်း ဖွင့်တာတွေ လုပ်ဆောင်ခဲ့လို့ NLD အစိုးရက သတိထား ကိုင်တွယ်ဖြေရှင်းခဲ့ရပါတယ်။

တိုင်းပြည်အတွက် အန္တရာယ်ရှိလာတဲ့အတွက် ၂၀၁၇ ခုနှစ်မှာ NLD အစိုးရက မဘသအဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် မဘသ အဖွဲ့ဟာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ဗုဒ္ဓဓမ္မရက္ခိတဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းလှုပ်ရှားခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီးချိန်မှာ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့က အရပ်သား NLD အစိုးရကို မဲလိမ်မဲခိုးတယ်လို့ စွပ်စွဲခဲ့သလို စစ်တပ်လက်ကိုင်တုတ် မဘသအဖွဲ့တွေကလည်း မြို့ကြီးတွေမှာ အချိန်ကိုက် ဆန္ဒဖော်ထုတ်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်မှာတော့ မဘသအဖွဲ့ဟာ ပေါ်ပေါ်ထင်ထင် ပြန်လည် လှုပ်ရှားခဲ့ပြီး တပ်မတော်ထောက်ခံပွဲတွေ၊ PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်မတော် ရှုတ်ချပွဲတွေ၊ တရုတ်အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

လမ်းမပေါ်က ပြည်သူတွေရဲ့ ဒီမိုကရေစီတောင်းဆိုတဲ့ အကြမ်းမဖက်ဆန္ဒပြပွဲတွေကို စစ်တပ်က သေနတ်နဲ့ပစ်၊ ကားနဲ့တိုက်ပြီး ရက်စက်စွာဖြိုခွဲတာတွေလုပ်ပေမယ့် သူတို့ကိုထောက်ခံတဲ့ မဘသအဖွဲ့ တွေကတော့ လွတ်လပ်စွာ စုဝေးဆန္ဒပြခွင့်တွေ အလျှံပယ်ရရှိခဲ့ပါတယ်။

မိမိကိုယ်ကို အမျိုးသားရေးဆရာတော်လို့ ကြွေးကြော်နေတဲ့ မဘသ ဦးဆောင်သံဃာတွေဟာ အာဏာသိမ်း စစ်တပ်ကို ထောက်ခံရုံသာမကဘဲ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖြစ်အောင်လည်း ကြိုးပမ်းခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးမြို့ပြပျောက်ကြားတပ်ဖွဲ့က မြို့ပေါ်ကဂိတ်ကင်းစခန်းတွေ တိုက်ခိုက်တာ၊ စစ်ကောင်စီ သတင်းပေးဒလန်တွေကို လုပ်ကြံတဲ့အတွက် မဘသအင်အားစုဟာ သွေးသောက် အဖွဲ့နာမည်နဲ့ စစ်တပ်ဖမ်းမိတဲ့ တော်လှန်ရေးရဲဘော်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ရည်းစားနဲ့ချိန်းတွေ့စဉ် အသတ်ခံခဲ့ရတဲ့ မခြူးခက်နွယ် နာရေးကိစ္စကို အကြောင်းပြုပြီး ဘာသာရေးအဓိကရုဏ်းပေါ်ပေါက်ဖို့ မဘသဆရာတော်တွေနဲ့ တစ်နိုင်ငံ လုံးက မဘသအဖွဲ့ဝင်တွေ ဖြူးမြို့ကိုရောက်ရှိလာပြီး သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် မဘသအဖွဲ့တွေရဲ့ သွေးထိုးမှိုင်းတိုက်မှုကို ဒေသခံတွေ လက်မခံကြတဲ့အတွက် အဓိကရုဏ်း တွေ ပေါ်ပေါက်ခဲ့ခြင်းတော့ မရှိပါဘူး။ မွတ်စလင်ဘာသာဝင်တွေနဲ့ အဓိကရုဏ်းဖြစ်အောင် ကြိုးပမ်း လို့မရတဲ့အခါ မဘသ ဆရာတော်တချို့ဟာ ခရစ်ယာန်ဘာသာဘက်ကို ပြဿနာရှာ ရန်စတာတွေလည်း ရန်ကုန်တိုင်း ဒလမြို့နယ်နဲ့ သံလျင်မြို့နယ်အတွင်းမှာ ပေါ်ပေါက်ခဲ့ပါတယ်။

အမျိုးသားရေးအစွန်းရောက် မဘသအဖွဲ့ဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကို တောက်လျှောက် ဆန့်ကျင် ဆန္ဒပြခဲ့ပေမယ့် စစ်တပ်က သံဃာတော်တွေကို ဖမ်းဆီးထောင်ချသတ်ဖြတ်တာ၊ ဘုန်းကြီး ကျောင်းနဲ့ ဘုရားတွေကို ဗုံးကြဲဖျက်ဆီးတာတွေကိုတော့ မသိချင်ယောင်ဆောင် နှုတ်ဆိတ်နေတယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။

“စစ်တပ်က ဘုန်းကြီးတွေ ရာနဲ့ချီသတ်ခဲ့တယ်။ မကြာခင်ကမှ ပဲခူးကဆရာတော်ကြီးကို သတ်တယ်။ နောက်ပြီး အညာမှာ ဗုံးကြဲ၊ မီးရှို့ဖျက်ဆီးလို့ စေတီတွေ ပြိုကျ၊ ဆင်းတုတော်တွေ ခေါင်းတွေပြတ်၊ လက်တွေ ခြေတွေပြတ်၊ ဘုန်းကြီးကျောင်းတွေ မီးလောင်ပြာကျတာတွေ အများကြီး ဖြစ်နေတာပဲ။ မဘသဟာ အမျိုးဘာသာသာသနာ စောင့်ရှောက်တယ်ဆိုရင် စစ်တပ်လုပ်လို့ အခုလိုဖြစ်ခဲ့တာတွေကျ ဘာလို့ ဝင်မပြောသလဲ”လို့ ဦးဇော်ရန်းက မေးခွန်းထုတ်ပါတယ်။

လက်ရှိမှာ မဘသအမျိုးသားရေးအစွန်းရောက်အဖွဲ့တွေ ပျောက်နေတာ အချိန် ၃ လကျော် ရှိနေပါပြီ။ ဒါကလည်း အာဏာသိမ်းစစ်တပ် အမိန့်မရသေးလို့ ငြိမ်နေတာဖြစ်နိုင်ပြီး စစ်တပ်ခိုင်းစေတဲ့အခါ သူတို့တွေလမ်းပေါ် ထွက်ပြီး လူထုမထောက်ခံတဲ့ ဆန္ဒပြပွဲတွေ လုပ်ကြဦးမှာဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

”မဘသတွေကတော့ သိချင်မှသိမယ်။ သဘောပေါက်ချင်မှပေါက်မယ်။ စစ်တပ်ရဲ့စိတ်ထဲမှာတော့ သူတို့ ဖင်ဘူးတောင်းထောင်ပြီး ကိုးကွယ်နေတဲ့ သံဃနာယကလို့ပဲပြောပြော၊ မဘသလို့ပဲ ပြောပြော သူတို့ သဘောကျနေတဲ့အခါ၊ သူတို့ကို ပြန်မလုပ်တဲ့အခါ သူတို့ပြောစကားကို နားထောင်နေတဲ့အခါ သူတို့ မွေးထားတဲ့ ကြက်ကလေး ဝက်ကလေးတွေလိုပေါ့။ အဲသူတို့ကို ရန်ပြန်လုပ်လာတဲ့အခါ သူတို့ ဩဇာပါဝါကို ထိပါးလာတဲ့ တစ်နေ့မှာတော့ ခြင်းထဲမှာမွေးထားတဲ့ ကြက်ကလေး၊ ငှက်ကလေး တွေသဖွယ်ဖြစ်တဲ့ မဘသပဲဖြစ်ဖြစ် သံဃာ့မဟာနာယကပဲဖြစ်ဖြစ် သူတို့က အချိန်မရွေးထုတ်ပြီးတော့ ရိုက်သတ်မယ်၊ သတ်ဖြတ်မယ် ဒီသဘောပဲ ထားတာပဲ။ ဒီလိုမျိုးအသုံးချဖို့သပ်သပ် ထားတာပဲ။ ဒါကို မဘသဆရာတော်တွေရော တခြားဆရာတော်တွေရော ရိပ်မိချင်မှ ရိပ်မိမယ်။ သိချင်မှသိမယ်။ ဘာကြောင့်လဲဆိုရင် မဖြစ်စလောက် သူတို့ ကိုးကွယ်နေတယ်၊ မဖြစ်စလောက် သူတို့ပေးစာကမ်း စာလေး၊ သူတို့လှူဒါန်းမှုတွေကို ခံနေရတဲ့အချိန်မှာ သေရမယ့်နေ့ကိုစောင့်နေတဲ့ ကြက်ခြင်းထဲက ကြက်တွေလိုမျိုးဘ၀ ရောက်နေတယ်ဆိုတာကို သူတို့ မသိလို့ပဲ”လို့ ဆရာတော် ဦးအဂ္ဂက မိန့်ကြားပါတယ်။

#အဓမ္မ၏ဘက်တော်သား #စစ်တပ်လက်ကိုင်တုတ်မဘသ #ဆောင်းပါး #Ayeyarwaddy_Times