
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်
ရခိုင်ပြည်နယ်တောင်ပိုင်းရှိ တောင်ကုတ်၊ ဂွနှင့်သံတွဲတို့တွင် မိုးရွာသွန်းမှုများပြားပြီး ချောင်းရေနှင့် မြစ်ရေများမြင့်တက်ကာ ရပ်ကွက်များအတွင်း ရေဝင်များကာ နေအိမ်များ နစ်မြုပ်ကုန်ကြောင်း သိရသည်။
ရခိုင်တောင်ပိုင်းတွင် ဇူလိုင်လ ၂၄ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး လူနေရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်၍ ရေကြီးမှုများဖြစ်ပေါ်နေကြောင်းသိရသည်။
ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့တွင် တောင်ကုတ်မြို့ရှိ ဝဲကြီး ရပ်ကွက်နှင့် ချောင်းကောက်ရပ်ကွက်တို့တွင် ရေမှာ ၅ပေကျော်အထိမြင့်တက်နေပြီး ရပ်ကွက်အတွင်းရှိပြည်သူများ အမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်း များသို့ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။
“စာသင်ကျောင်းတွေ အုတ်တံတိုင်းပါမြုပ်လို့ ကျောင်းတွေပိတ်ထားရတယ်။ အိမ်မှာ အောက်ထပ်က မြုပ်သွားပြီ။ အခုအပေါ်မှာ အကုန်စုနေကြရတယ်။ ကယ်ဆယ်ရေးအသင်းတွေကတော့ အမြင့်ပိုင်း နေရာတွေကို ကူပြောင်းပေးနေတယ် “ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
သံတွဲနှင့်ဂွမြို့တို့တွင်လည်း မိုးသည်းထည်စွာရွာသွန်းပြီး ရေကြီးနေသည့်အတွက် အမိုးအကာ မလုံခြုံဘဲ ဖြစ်သလိုနေထိုင်နေရသည့် စစ်ဘေးရှောင်များ နေထိုင်ရန်ခက်ခဲနေကြောင်းသိရသည်။
“ရေက မနေ့ကစပြီး တစ်ရှိန်ထိုးတက်လာတယ်။ ဒီနေ့မနက်ပိုင်းမှာ လူတစ်ရပ်ကျော်လာပြီ။ အမိုးအကာ ကမလုံရကြားထဲ ရေကြီးတော့ ဘယ်ပြောင်းရမလဲ မသိဘူး။ ကိုယ့်ဒေသလည်းမဟုတ်ဘူးလေ”ဟု သံတွဲမှ စစ်ရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပုံစာ- သံတွဲ၊ ဂွနှင့် တောင်ကုတ်တို့တွင် ရေကြီးနစ်မြုပ်နေစဥ်
#ရခိုင်တောင်ပိုင်း #တောင်ကုတ် #ဂွ #သံတွဲ #ရေကြီးနစ်မြုပ် #Ayeyarwaddy_Times