နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

မန္တလေးတိုင်ကို တော်လှန်ရေး အင်အားစုများက စစ်ရေးအရ ခြိမ်းခြောက်လာချိန် စစ်ရှုံးစစ်ကောင်စီက သတင်းအမှားဖြင့် တန်ပြန်အကြောက်တရား ရိုက်သွင်းဝါဒဖြန့်လာကြောင်း စစ်လော်ဘီများ၏ လုပ်ရပ် များအရ သိရသည်။

မိုးကုတ်နှင့်မတ္တရာအပါအဝင် မြို့များကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းပိုက် လာချိန်တွင် ယမန်နေ့ ဇူလိုင် ၂၅ ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်၏ ဆွေမျိုးတော်စပ်သူ ခုနစ်ဦးအား သတ်ဖြတ်ထားသည်ကို ၃၅ လမ်း သဂ်ဇာချောင်း ဘေးတွင် တွေ့ရသည်ဟု စစ်လော်ဘီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ထုတ်ပြန်လာသည်။

ထိုသို့ စစ်လော်ဘီ ချန်နယ်များ၌ ဓာတ်ပုံများနှင့်တကွ ရေးသားပြောဆို ထုတ်ပြန်နေမှုသည် မြေပြင်တွင် အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း မရှိသလို ထိုသူများသည် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ ဆွေမျိုးများလည်း မဟုတ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ဒီလိုကိစ္စမျိုးက သူတို့တွေ လုပ်နေကြ ကိစ္စတစ်ခုပဲ။ အဓိကကတော့ အာရုံလွှဲတာပေါ့ဗျာ။ ဒီရက်ပိုင်း သူတို့ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီး လားရှိုးမှာ ကျသွားတယ်။ ဒါကိုဖုံးချင်တော့ သူထက် ပိုကြီးတဲ့ သတင်းအတုအယောင် တစ်ခုတော့ ထုတ်မှဖြစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တဲ့သဘောပါ” ဟု ဦးနေဘုန်းလတ်က က ဆိုသည်။

လက်ရှိတွင် မန္တလေး နန်းတွင်းထဲ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ခြေရှုပ်နေသလို လေယာဉ်များလည်း မကြာခဏ ပျံတက်နေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

“အခုလာမေးမှ ဒီကိစ္စကြားရတယ်။ လိုင်းပေါ်မှာ ပြန့်နေတဲ့ လိပ်စာအတိုင်းဆို ကျောက်ဝိုင်းဘက်ပါ။ အဲဒီမှာက ကြိတ်ကြိတ်တိုး လူစည်တယ်။ ဘာအလောင်းမှလဲ စွန့်ပစ်ထားတာ မရှိပါဘူး။ ဒီသတင်းမှန်ရင် ဖုံးလို့မရပါဘူး။ လက်ရှိအချိန်ထိ မန္တလေးမှာ လူသေတဲ့ ဖြစ်စဥ်မရှိပါဘူး” ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်မတော် CDM ဗိုလ်ကြီး ဇင်ယော်ကလည်း “ဒါက စစ်လော်ဘီတွေရဲ့ ချန်နယ်တွေကနေ ထည့်လိုက်တဲ့ ဂျင်းပါ။ အဲဒီဂျင်းကို မသိဘဲလုပ်လိုက်တော့ အတောင့်လိုက် ဝင်သွားတဲ့ သဘောပေါ့နော်။ ဦးရည်မွန်ရဲ့ အမျိုးတွေ မဟုတ်သလို မန္တလေးမှာ ဒီဖြစ်စဉ် လုံးဝမရှိခဲ့ပါဘူးလို့ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်လော်ဘီ ချန်နယ်များက ထုတ်ပြန်ထားသော ဓာတ်ပုံများပါ လူများကို စစ်ကောင်စီ လက်ကိုင်တုတ် များဖြစ်သည့် ပျူစောထီး၊ သွေးသစ္စာ၊ သွေးသောက် စသည့်အဖွဲ့များကပင် သတ်ဖြတ်နိုင်သည်ဟု သုံးသပ်ပြောဆိုမှုများလည်း ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့အလုပ်၊ ပန်းတိုင်၊ ဘုံရန်သူ ဒါတွေကို မျက်ခြေမပျက်စေဖို့ တစ်စိုက်မတ်မတ် အာရုံစူးစိုက်ထားဖို့ လိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဘက်ကနေ ရည်ရွယ်ချက် ရှိရှိနဲ့ ဖြန့်နေတဲ့ သတင်းတု၊ သတင်းအမှားတွေ နောက်ကိုလိုက်ပြီးတော့ တစ်စုံတစ်ရာ ဝေဝါးတာမျိုး၊ စိတ်ထွေပြားတာမျိုး မဖြစ်ဖို့ သတိထားသင့်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ မဟုတ်မမှန် သတင်းအမှားများ၊ ဝါဒဖြန့်မှုများကို ပိုမိုလုပ်ဆောင်လာသလို ၎င်းတို့ကို ထောက်ခံသူများနှင့်လည်း ၂၀၂၂ ခုနှစ်မှစ၍ ပျူစောထီး၊ သွေးသစ္စာ၊ သွေးသောက် စသည့်အဖွဲ့များကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော်တို့၌ အဓိကထား ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့များသည် NLD ပါတီဝင်နှင့် မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများကို တန်ပြန် သတ်ဖြတ်ခဲ့သလို သေဆုံးများ၏ လည်ပင်းနှင့် အနီးတွင်လည်း အမှတ်တံဆိပ်ပါ လည်ဆွဲများ ဆွဲထားပေးခဲ့ပြီး ခြိမ်းခြောက်ကာ အကြောက်တရား ရိုက်သွင်းလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်ရှိ စာသားများနှင့် မန္တလေးမြို့

#မန္တလေး #တော်လှန်ရေးအင်အားစုများ #စစ်ရေးခြိမ်းခြောက် #စစ်ကောင်စီ #အကြောက်တရားဝါဒဖြန့် #Ayeyarwaddy_Times