
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ချင်းညီနောင်အဖွဲ့၏ မြို့သိမ်းတိုက်ပွဲ သတင်းများကြောင့် ဒေသခံ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရှိရသည်။
ဖလမ်းမြို့ ဒေသခံများသည် ယခုရက်ပိုင်းတွင်း မြို့သိမ်းတိုက်ပွဲ သတင်းများကြောင့် ကား၊ ဆိုင်ကယ်များအလုံးရင်းဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။
“အရင်ကလို ကောလဟာလ သတင်းတွေက တောက်လျောက်ထွက်နေတယ်။ လူတွေကလည်း ကြောက်လန့်ပြီး ပစ္စည်းပြောင်းရွှေ့၊ ထွက်ပြေးနေကြတယ်။ မြို့ထဲက သုံးပုံတစ်ပုံလောက်က ကိုယ့်အစီစဥ်နဲ့ကိုယ် ထွက်ပြေးနေရပြီ။”ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့ဒေသခံများ ထွက်ပြေးတိမ်းရှောင်မူသည် တစ်ရက်ထက်တစ်ရက် ပိုများပြားလာသည့်အတွက် မြို့တွင်းကျန်ရှိသည့် ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်ဆောင်ရွက်မူများပြုလုပ်နေကြောင်း သိရသည်။
ပြည်သူများ ထွက်ပြေးတိမ်းရှောင်မူ များပြားသော်လည်း ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့အထိ ဖလမ်းမြို့တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွါးခြင်း မရှိသေးကြောင်း သိရသည်။
“အခုထိတော့ ဖလမ်းမှာ တိုက်ပွဲမရှိသေးဘူး။ ဘာအသံမှလည်း မကြားသေးဘူး။ လူတွေက အကြောက်လွန်ပြီ ထွက်ပြေးကြတယ်။ ကျန်ခဲ့တဲ့သူတွေလည်း ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်။”ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ဖလမ်းမြို့တွင် ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုသည့် ရက်များဖြစ်သည့်အတွက် စာမေးပွဲဖြေဆိုပြီးလျင် ယခုထက် ထွက်ပြေးတိမ်းရှောင်သူ ပိုများလာနိုင်ကြောင်း ဒေသခံများကပြောဆိုကြသည်။
#ဖလမ်းမြို့ #မြို့သိမ်းတိုက်ပွဲ #သတင်းကြောင့် #ဒေသခံ၅၀၀၀ကျော် #ထွက်ပြေးတိမ်းရှောင်
#Ayeyarwaddy_Times