ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဂွမြို့တွင် စစ်အင်အားအများအပြားတိုးချဲ့ပို့ဆောင်ထားပြီး ပို့ဆောင်ခံရသူအများစုမှာ ပြည်သူ့စစ်များအ‌နေဖြင့် စစ်သင်တန်းပေးခံထားရသူများဖြစ် ကြောင်း သိရသည်။

ဂွမြို့၌ ပြီးခဲ့သည့် မေလမှစတင်ကာ စစ်အင်အားတိုးချဲ့မှုကို စစ်ကောင်စီက တဖြည်းဖြည်း လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုဇူလိုင်လ ပထမပတ်မှစတင်၍ တပ်ရင်း နှစ်ခုအတွင်းကိုသာမက မြို့အနီးရှိ နေဗီများထံသို့ပါ တပ်ဖွဲ့ဝင်အင်အားကို တိုးချဲ့ပို့ဆောင်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“မြို့နဲ့နီးတဲ့နေရာတွေမှာ နေဗီတွေ အသင့်အနေအထား ရပ်ထားတယ်။ အဲဒီကို လက်နက်တွေ ကျည်ဘောက်တွေနဲ့ လူအင်အားပါတိုးပို့ထားတယ်” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဂွမြို့တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ- ၅၆၂ နှင့် ခမရ -၅၆၃တို့ရှိပြီး အဆိုပါတပ်ရင်း နှစ်ခုပေါင်းတွင် စစ်အင်အား ၁၅၀ ခန့်သာရှိသည့်အတွက် ယခုကဲ့သို့ စစ်အင်အားတိုးချဲ့မှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“အများစု အပို့ခံရတာ ပြည်သူ့စစ်ဆိုပြီး သင်တန်းပေးထားတဲ့သူတွေများတယ်။ မေလက ၈၀ နီးပါးလောက် ခမရ ၅၆၂ ထဲပို့တယ်။ အခုနောက်ပိုင်း လမ်းဆုံစစ်ဆေးရေးဂိတ်တွေကိုလည်း ခွဲပို့ထားတယ်” ဟု သံတွဲဒေသခံကပြောသည်။

သံတွဲမြို့တိုက်ပွဲများဖြစ်ပွားရာ နေရာများသို့လည်း ဂွ-သံတွဲလမ်းကို အသုံးပြု၍ စစ်ကူအင်အား ပို့ဆောင်ခြင်းကို စစ်ကောင်စီက ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ဂွ- ငါးသိုင်းချောင်းလမ်းနှင့် ဂွ- သံတွဲလမ်းတို့၌လည်း လုံခြုံရေးအင်အားတိုးချဲ့ထားပြီး သင် တန်းဆင်း စစ်မှုထမ်းများကို လက်နက်အပြည့်အစုံတပ်ဆင်ကာ လုံခြုံရေးယူခိုင်းထားကြောင်း သိရသည်။

လက်ရှိတွင် သံတွဲ၊ အမ်းနှင့် မောင်တောတို့၌ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

ဓာတ်ပုံ-ကန့်ဘလူမြို့နယ်ရှိ ပြည်သူ့စစ်သင်တန်းသားများ

#ဂွ #စစ်ကောင်စီ #အင်အားတိုးချဲ့ #ပြည်သူ့စစ် #သင်တန်းသားသစ်များ #ပို့ဆောင်ခံရ #Ayeyarwaddy_Times