
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ရက်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၄၃၇တပ်ရင်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ ဇူလိုင် ၂၄ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၂၄ရက် ညပိုင်းက မိုးမောက်နှင့် ဗန်းမော်မြို့ကြားရှိ မိုးမောက်မြို့စောင့်တပ် ခမရ-၄၃၇ ကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
“ည ၈နာရီလောက်ကသိမ်းလိုက်တယ်လို့ သိထားတယ်။ မနက်ကတည်းက လေယာဉ်တွေနဲ့ပါ တိုက်နေတာ။ ညကတော့ရသွားပါပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
KIA သည် မိုးမောက်မြို့ရှိ ခမရ ၄၃၇ကို ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကစတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လကျော်ကြာတိုက်ပွဲများ ရပ်စဲသွားပြီးနောက် ယမန်နေ့ မနက်ပိုင်းတွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည် ဇူလိုင် ၁၆ရက်နေ့က မိုးမောက်မြို့ရှိ ခလရ ၄၃၇တပ်ရင်းရှိရာသို့ သံချပ်ကာကားများဖြင့် စစ်ကြောင်း ထိုးလာသည့်အတွက် KIAနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီသည် ဇူလိုင် ၁၉ရက်နေ့တွင် မိုးမောက်မြို့ ၇မိုင်ကျေးရွာအနီးနှင့် မံပုံကျေးရွာတို့ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ခမရ ၄၃၇သည် မိုးမောက်နှင့် ဗန်းမော်ကြားတွင်ရှိသည့်အတွက် စစ်ရေးမှာ ဗန်းမော်မြို့အစပ်ထိ ကျယ်ပြန့်လာနေပြီး KIAက ကချင်ပြည်နယ်ရှိ မံစီ၊ မိုးမောက်၊ ဆွမ်ပရာဘွမ်၊ ဝိုင်းမော်၊ ဖားကန့်၊ တနိုင်း၊ ချီဖွေ၊ လိုင်ဇာ စသည့်မြို့နယ်များမှ စစ်ကောင်စီစခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ကချင် #မိုးမောက် #စစ်ကောင်စီ #ခမရ၄၃၇ #KIA #သိမ်းပိုက် #Ayeyarwaddy_Times