
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်မတော် (MNDAA) က ယနေ့နံနက်ပိုင်းတွင် အလုံးစုံသိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။
MNDAA သည် လားရှိုး မြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်ကို ယနေ့ ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝသိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ရမခကို တကယ်ရသွားတာပါ။ တပ်သတင်းဆီကလည်း ရမခနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီဆိုတော့ ဆက်သွယ်ဖို့ဖုန်းလိုင်းတွေ ပြတ်သွားပုံထောက်ရင် ရသွားပြီဆိုတာသေချာပါတယ်”ဟု ရမခနှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရမခရှိ အရာရှိကြီးများနှင့် နောက်လိုက်စစ်သည်အများအပြား ကိုးကန့်တပ်ထံတွင် လက်နက်ချအညံ့ခံမှုကြောင့် စစ်ဌာနချုပ်တစ်ခုလုံး ယခုလို လျှင်မြန်စွာကျခဲ့ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
လားရှိုးမြို့တွင် ၂၃ ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီး နောက် ရမခစစ်ဌာနချုပ်နှင့် လားရှိုးမြို့ကို အလုံးစုံထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း MNDAA ကလည်း ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
“၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်”ဟု ကိုးကန့်တပ်မတော်၏ကြေညာချက်တွင် ဖော်ပြထားသည်။
ရမခစစ်ဌာနချုပ် ကျဆုံးခြင်းမှာ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် တိုင်းစစ်ဌာနချုပ်တစ်ခု ပထမဆုံး လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လားရှိုးမြို့အတွင်းရှိ ခလရ-၄၁၊ ခလရ-၆၈၊ ခမရ-၅၂၂ နှင့် ခမရ-၅၀၇ စသည်တို့ကို အလုံးစုံသိမ်းယူနိုင်ခဲ့ပြီး ယနေ့တွင် ရမခစစ်ဌာနချုပ်ကြီး တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ် သည်။
စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် လက် နက်ချအညံ့ခံမှုများရှိသလို စခန်းစွန့်ခွာထွက်ပြေးသွားကြသူ များလည်းရှိကြောင်း သိရသည်။
စစ်ခေါင်းဆောင်က ယခုရက်ပိုင်းအတွင်းတွင် လားရှိုး ရမခကို မကျစေရန် စစ်တိုင်းမှူးအသစ်ခန့်အပ်၍ ခုခံ စစ်ပြင်ဆင်ရန် ဆာလာအိတ်အလုံးတစ်သိန်းနှင့် စစ်ကူအင်အားများကို လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သေးသည်။
လားရှိုးမြို့သိမ်းတိုက်ပွဲကာလတွင် အသစ်ခန့်အပ်ခံ ထားရသည့် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်သည် ၎င်း၏ မိသားစုကို လုံခြုံသည့်နေရာသို့ သွားရောက်ပုန်းရှောင်ကာ အောက်ခြေအရာရှိ စစ်သည်များကို အမိန့်ပေးစေ ခိုင်းနေသည့် အတွက် ရမခအတွင်းမကျေနပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ-အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု၍ သေနတ်ပစ်ပြိုင်ပွဲ သွားရောက်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ (၂၀၂၂)
#ရှမ်းမြောက် #လားရှိုး #အရှေ့မြောက်တိုင်းစစ်ဌာနချုပ် #ရမခ #MNDAA #သိမ်းပိုက် #Ayeyarwaddy_Times