ရေးသားသူ – သံလက်သီး
ATimes Vlog/ဇူလိုင် ၂၅ ရက်

ဒီကနေ့မနက် အိပ်ရာနိုး မနက်စာစားပြီး သတင်းဖတ်လိုက်တာ “ဟိုက်ရှားဘား” လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်လိုက်ပြီ ဆိုပါလား။

မင်္ဂလာရှိလိုက်တဲ့သတင်း၊ အရသာရှိလိုက်တဲ့သတင်း။ ကျုပ်တို့ ပြည်သူတွေ အခုလိုသတင်းမျိုးမျှော်နေတာ ကြာလှပေါ့ဗျာ။

တိုင်းစစ်ဌာနချုပ်တစ်ခုကို သိမ်းနိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးဗျို့။ တိုင်းစစ်ဌာနချုပ်တစ်ခုအောက်မှာ တပ်မတွေ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခတွေ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစတွေ၊ အခြေချ စစ်ဗျူဟာတွေ၊ တပ်ရင်းတွေ အများအပြားရှိပါတယ်။

ရှမ်းမြောက်ဒေသအတွက်တော့ ရမခဟာ အသက်သွေးကြောပါပဲ။ အခုတော့ အဲ့ဒီ ရမခကို ကိုး ကန့်တပ်မတော်နဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းလိုက်ပြီဆိုတော့ ဒါဟာ တကယ့်ကို သမိုင်းဝင်အောင်ပွဲပါပဲ။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ အာဏာသိမ်း စစ်ကောင်စီဟာ မြို့ပေါင်း ၁၇ မြို့ လက်လွှတ်ခဲ့ရသလို ချင်းရွှေဟော်လို၊ မူဆယ်လို နယ်စပ်ကုန်သွယ်ရေးမြို့တွေ ဆုံးရှုံးခဲ့တယ်။ ကွမ်လုံဗျူဟာနဲ့ လောက်ကိုင် ဒကစဌာနချုပ်တွေ လက်လွှတ်ခဲ့ရတယ်။

မင်းအောင်လှိုင်အတွက် လူသူ၊ လက်နက်၊ ခဲယမ်းရိက္ခာ၊ စစ်သုံးယာဉ်ကအစ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့တယ်။ အဲ့အချိန်ကတည်းက ရမခ စစ်ဌာနချုပ်ဟာ ခပ်ယဲ့ယဲ့ပဲ ကျန်တော့တဲ့အခြေအနေပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ကြီးခြေသလုံးပြေးဖက်ပြီး မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကို တားပေးပါလို့ အတင်းတောင်းပန်လို့ တရုတ်ကြားဝင်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေကလည်း ခနလောက်တော့ အနားယူ ကြတာပေါ့ဆိုပြီး အမောဖြေခဲ့ကြတယ်။

အဲ့တုန်းက စစ်တပ်ထောက်ခံသူတွေက “အဘတို့က အောင်မြင်စွာ ဆုတ်ခွာခဲ့တာ၊ ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်ပေးတာ”၊ “အဘတို့ မအားသေးလို့၊ အားတာနဲ့ ရှမ်းမြောက်ကို ပြန်သိမ်းမှာ၊ လောက်ကိုင်ကို ပြန်ယူမှာ”လို့ ဖုံးဖိဝါဒဖြန့်ခဲ့ကြပါတယ်။

ဟော အခုတော့ အချိန် ၉ လအကြာ၊ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ရမခစစ်ဌာနချုပ်ကြီးတစ်ခုလုံး တော်လှန်ရေးအင်အားစုတွေလက်ထဲ ကျသွားခဲ့ပါပြီ။ သူတို့အဘ ဘယ်လောက်အထိ ထူးချွန်ထက်မြက် အရည်အချင်း ရှိသလဲဆိုတာ စစ်တပ်ထောက်ခံသူတွေ အခုလောက်ဆို သဘောပေါက်လောက်ပါပြီ။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရာထူးလက်ခံရယူထားတဲ့ ပူပူနွေးနွေးယာယီသမ္မတကြီး မင်းအောင်လှိုင်က ပြည်သူတွေအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စျေးဦးပေါက်အလှူပေးတဲ့သဘောလို့ ဆိုရမှာပါ။

“သာဓု သာစု သာဓုပါအဘရေ။ နောင်လည်း အခုထက်အဆပေါင်းများစွာ လှူနိုင်ပါစေဗျာ”
#လားရှိုး #အရှေ့မြောက်တိုင်းစစ်ဌာနချုပ် #ရမခ #MNDAA #ATimesVlog