ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဇူလိုင် ၂၅ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့အရှေ့ပိုင်းကို တအာင်းတပ်မတော် (TNLA) နှင့် တော်လှန်ရေးပူးပါင်းတပ်ဖွဲ့များက သီတင်းပတ် လေးပတ် အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်တွင် မြို့ကို အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း TNLA ထံကသိရသည်။
မိုးကုတ်မြို့ကို စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ-၇၈၊ ၈၈၊ ၁၄၈ တပ်ရင်းတို့မှ အခြေချတပ်စွဲ နေခြင်းဖြစ်ပြီး ဗျူဟာမှူးကြီးကိုယ်တိုင် အခြေချကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ စစ်သုံ့ပန်း ၃၀ ကျော်် နှင့် လက်နက်မျိုးစုံ ၂၀၀ ကျော် ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်း ရမိသည့် လက်နက်ခဲယမ်းများမှာ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးများ၊ လက်နက်မျိုးစုံ ၇၃ လက်၊ ၁၂၀မမ နှစ် လက်၊ ၆၀ မမ ၁၁ လက်၊ ၈၁ မမ တစ် လက်၊ ငါးကြင်းမြီး သုံးလက်၊ ပွိင့်ဖိုက် တစ်လက်၊ RPG များ အပါအဝင် ခဲယမ်းမျိုးစုံ နှင့် စစ်အသုံးအဆောင်ပစ္စည်းမျိုးစုံတို့ ဖြစ်ကြောင်း သိရသည်။
“မိုးကုတ်မြို့ကို အကုန်သိမ်းလိုက်တာဗျ။ မြို့ထဲမှာလည်း အောင်ပွဲခံနေကြပါတယ်။ ရင်တမမ နဲ့ အခုက လေယာဉ် တော့ကြောက် နေရတယ်” ဟု မိုးကုတ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုးကုတ်မြို့ကိုသိမ်းပိုက်ရရှိခဲ့ပြီးနောက် ဒေသခံများက တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုမှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီမှ ၎င်းတို့မြို့ကိုလက်လွှတ်လိုက်ရသည့်အတွက် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မည်ကိုစိုးရိမ်နေကြပြီး သတိဖြင့်နေထိုင်ကြရန် ဒေသခံအချင်းချင်း သတိပေး ပြောဆို နေကြောင်း သိရသည်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအောင်းတပ်မတော် (PSLF/TNLA) နှင့်အတူ မိုးကုတ်ဗျူဟာ-PDF၊ မိုးကုတ်(ပကဖ) တို့ ပါဝင်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ကို ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး နောက် မိုးကုတ်ဗျူဟာ အခြေစိုက်ထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်းကို ဆက်လက်တိုက်ခိုက်ခဲ့ရာ မန်တိုင်း(၅) တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးများပါ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – TNLA
#မိုးကုတ် #မြို့သိမ်း #အရှေ့ပိုင်း #TNLA #PDF #လက်နက်ခဲယမ်း #သိမ်းပိုက် #Ayeyarwaddy_Times