
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
ဗုဒ္ဓဟူးနေ့က ခတ္တမန္ဒူမြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုမှာ လူ ၁၉ ဦး တင်ဆောင် လာတဲ့ လေယာဉ်တစ်စင်း ပျံတက်ပြီးပြီးချင်း ပျက်ကျခဲ့တယ်လို့ နီပေါ အာဏာပိုင်တွေက ပြောပါတယ်။
နီပေါနိုင်ငံ Saurya လေကြောင်းလိုင်းပိုင် အဆိုပါလေယာဉ်ပေါ်မှာ ခရီးသည်တွေ မပါရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ပေါ်ပါသူတွေထဲမှာ လေကြောင်းလိုင်းဝန်ထမ်းနဲ့ အင်ဂျင်နီယာတွေ ပါဝင်ခဲ့ပြီး လေ ယာဉ်မှူးတစ်ဉီးမှလွဲ၍ လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ ၎င်းတို့က ဆိုပါတယ်။
လေယာဉ်ပျက်ကျရာနေရာမှာ ရိုက်ကူးခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ မီးခိုးတွေ ထိုးထွက်နေပြီး လေယာဉ် အပျက်အစီးတွေ ပျံ့ကြဲနေတာကို ပြသပါတယ်။
အဆိုပါလေယာဉ်ဟာ ပြုပြင်ထိန်းသိမ်းဖို့အတွက် ခတ္တမန္ဒူမြို့တော်မှ နီပေါနိုင်ငံအလယ်ပိုင်းရှိ ပိုခါရာမြို့သို့ ပျံသန်းခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
လေယာဉ်ပျက်ကျရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ နီပေါ လေကြောင်းညွှန် ကြားမှုဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Plane crash in Nepal kills 18
#Ayeyarwaddy_Times