
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
စစ်ခေါင်းဆောင်က ယာယီသမ္မတ ရာထူးယူခြင်းမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဆိုင်ရာ ကိစ္စရပ်များအတွက်ဖြစ်ပြီး ၎င်းတို့ပြုလုပ်ရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲ ကိုလည်း မလွဲမသွေ ကျင်းပသွားမည်ဟု စစ်ကောင်စီထံက သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးမြင့်ဆွေသည် စစ်ကောင်စီခန့် ယာယီသမ္မတ ဖြစ်လာသောလည်း လက်ရှိတွင် ဦးမြင့်ဆွေ၏ ကျန်းမာရေး အကြောင်းပြချက်ဖြင့် စစ်ခေါင်းဆောင်က ယာယီသမ္မတ လွှဲပြောင်းယူမှုအပေါ် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ဝါဒဖြန့် သတင်းမီဒီယာ မှတဆင့် ယခုကဲ့သို့ တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသလို သမ္မတရာထူးဆိုတာ အကန့်အသတ်နဲ့ ဒီသက်တမ်း ၆ လ တိုးဖို့ ကာ/လုံအစည်းအဝေး တစ်ခုတည်းအတွက်လို့ ရည်ရွယ်ပုံရပါတယ်။ သူတို့အတွက် အရေးကြီးနေတာ ကလည်း နောက်ထပ် သက်တမ်း ၆ လ တိုးဖို့ပါပဲ” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် ကာလုံဆိုင်ရာ ကိစ္စရပ်များလုပ်ဆောင်ရန်အတွက် ယာယီသမ္မတတာဝန်များကို လွှဲ ပြောင်းခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၁ အရ နိုင်ငံတော်အာဏာကို ကျင့်သုံးရာတွင် သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မည်ဖြစ်ကာ အာဏာသုံးရပ်စလုံးကိုလည်း ၎င်းတို့ကပင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ထိုသို့ ယင်းလွှဲပြောင်းယူမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်သည်ဟု ဆိုထားပြီး ပုဒ်မ ၄၁၇ ၊ ၄၁၂ ထိုနှစ်ခုကို ဆက်စပ်ကြည့်မည်ဆိုလျှင် အရေးပေါ် ကာလအတွင်း ကာလုံ၌ ပါဝင်သော ပုဂ္ဂိုလ်အချို့ လစ်လပ်စေကာမူ ကျန်ရှိပုဂ္ဂိုလ်များနှင့် မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ် ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“အမှန်ကတော့ အစကတည်းက ထင်သလို လုပ်ချင်တာ၊ လုပ်နေတာပါ။ ဥပဒေဆိုတာက ဘောင်ဝင် အောင် လိုက်ညှိပေးနေတဲ့ ပုံပါပဲ။ ခုလာမယ့် ဇူလိုင် ၃၁ အစည်းအဝေးမှာ ရွေးကောက်ပွဲရက် သတ်မှတ်ကြေညာနိုင်ရင်တော့ကောင်းတာပေါ့။ သိပ်တော့မထင်ပါဘူး” ဟု အထက်ဖော်ပြပါ နိုင်ငံရေး လေ့လာ သုံးသပ်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယာယီသမ္မတ ရာထူးအပြင် ဝန်ကြီးချုပ်၊ တပ်ချုပ် နှင့် စစ်ကောင်စီဥက္ကဋ္ဌရာထူးများကိုလည်း ရယူထားကာ ၆ လ တစ်ကြိမ် အာဏာသက်တမ်း တိုးယူမှုသည် ယခုဇူလိုင်ကုန်တွင် ငါးကြိမ်မြောက် သက်တမ်းတိုးခြင်း ကုန်ဆုံးမည် ဖြစ်သည်။
စစ်ကောင်စီသည် ၂၀၀၈ ခြေ/ဥ အခန်း ၁၁၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြောင်ပြောင် တင်းတင်း ဖောက်ဖျက်ကျူးလွန်၍ အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ ပြောခွင့်ရအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် အများစုသည် ဥပဒေသမားများ မဟုတ်ကြောင်း တရားလွှတ် တော်ရှေနေ့ စောဘဦးလေးက ဆိုသည်။
“ခပ်ညံ့ညံ့ အဖျင်းဆုံးသော ကြည်းတပ်က စစ်သားတွေမို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တွေကို လိုသလို ကောက်ယူပုံဖော်၊ သူယုတ်မာပါးစပ်က နတ်စကားထွက်တယ်လို့ပဲ ဆိုပါရစေ” ဟု တရားလွှတ်တော်ရှေနေ့ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ၎င်းတို့အနေဖြင့် အာဏာသိမ်းပြီးနောက် ချမှတ် ထားသော ရှေ့လုပ်ငန်းစဉ်ငါးရပ်၊ ဦးတည်ချက်ကိုးရပ်တို့ကို ပြောင်းလဲခြင်း မရှိသကဲ့သို့ ရွေးကောက်ပွဲ ကိုလည်း မလွဲမသွေ ကျင်းပသွားမည်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။
စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲသည် ဖြစ်လာမည်မဟုတ်ဘဲ အဖြစ်လုပ်ပြမည်ဆိုပါက ၎င်းတို့ ထိန်းချုပ်ထားသော ကျန်ရှိမြို့များတွင် လုပ်လာနိုင်ပြီး ကျယ်ပြန့်၍ ဒီမိုကရေစီကျသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။
“သူအနေနဲ့ ဖြစ်နိုင်တဲ့ နေရာတွေလောက်ပဲ လုပ်ပြပြီးတော့ ကြံ့ဖွတ်အမတ်တွေနဲ့ လွှတ်တော်ခေါ်၊ အဲ့ဒီကနေ သူ့ကို သမ္မတအဖြစ် ခန့်အပ်ဆိုတဲ့ လမ်းကြောင်းကိုတော့ သွားနိုင်တယ်။ ဒါပေမယ့် တစ်ပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် တရားမျှတတဲ့ ရွေးကောက်ပွဲတော့ ဘယ်လိုမှ ဖြစ်နိုင်မယ် မထင်ဘူး၊ လုံးဝမရှိပါဘူး” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ယာယီသမ္မတ #ကာလုံ #ရွေးကောက်ပွဲ #မလွဲမသွေကျင်းပ #Ayeyarwaddy_Times