ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ပြီဆိုသည့် သတင်းသည် မှန်ကန်မှုမရှိဘဲ ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်ဖြစ်သည့် ရမခကို MNDAA ပူးပေါင်းတပ်များက ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်၏ရှေ့ တန်းသတင်းရင်းမြစ်က ထုတ်ပြန်ခဲ့သည်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလို ပြောဆိုလာခြင်းဖြစ်သည်။

“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အစွန်က ရပ်ကွက်တွေထဲကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ စိမ့်ဝင်လာလို့ လိုက်လံရှင်း လင်းနေတာ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆို ထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်ထောက်ခံ ဝါဒဖြန့်ချန် နယ်များမှလည်း လားရှိုး ရမခကျရှုံးသည်မှာ မဟုတ်ကြောင်း၊ လက်မခံနိုင်ကြောင်း၊ ဖြစ်နိုင်မှုမရှိကြောင်းများကို စီကာပတ်ကုံးရေးသား ဖော်ပြနေကြပြီး သိမ်းယူပြီးပါက ဓာတ်ပုံများဖြင့်ဖော်ပြရမည်ဖြစ်ကာ ယခုကဲ့သို့ လွယ်လွယ်နှင့် သိမ်းယူနိုင်သည်မှာ လိမ်ညာဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် လားရှိုးမြို့ရှိ စစ်ကောင်စီလက်ကျန်တပ် ရင်းများကို ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲများဖြစ်ပွားနေသေးကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ရမခထဲကို အရင်ထိုးဖောက်ဝင်ရောက်ပြီး ဘေးပတ်လည်က လက်ကျန်ကာကင်းစခန်းတွေနဲ့ တပ်ရင်းတွေကို ဆက်တိုက်နေတာ။ လေဆိပ်လည်းရပြီ။ အပြီးသတ်ရဖို့အတွက် လက်ကျန်စခန်းတွေပဲ ကျန်တော့တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လားရှိုးကို ညီနောင်မဟာမိတ်တပ်နှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် ဗမာပြည်သူ့ လွတ်မြောက် ရေးတပ်တော် (BPLA) တပ်မမှူး မောင်ဆောင်းခက လားရှိုးမြို့ ဆိုင်းဘုတ်အနီးတွင် တပ်ဖွဲ့အလံ ကိုင်ဆောင်၍ ရိုက်ကူးထားသည့်ပုံကို ဖော်ပြ၍ လက်ကျန်နေရာအချို့ကို အပြီးသတ်သိမ်းပိုက်ရန်နှင့် ထွက်ပြေးနေသည့်ရန်သူအချို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်)ကို ဖမ်းဆီးရန်သာ ကျန်ရှိတော့ကြောင်း ဆိုထားသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ကိုးကန့်တပ်မတော် (MNDAA) က ယနေ့ နံနက် ၄ နာရီတွင် ရမခ ကို သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့သည် စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ပြီဖြစ်ကြောင်းနှင့် လားရှိုးမြို့ လွတ် မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အလားတူ MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် မြို့အုပ်ချုပ်ရေးကော်မရှင်ကိုဖွဲ့စည်းလိုက်ပြီး အုပ်ချုပ်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-BPLA
#ရှမ်းမြောက် #လားရှိုး #ရမခ #MNDAA #BPLA #ပူးပေါင်းအဖွဲ့သိမ်းပိုက် #စစ်ကောင်စီ #ဗိုလ်ချုပ်ဇော်မင်းထွန်း #ငြင်းဆို #Ayeyarwaddy_Times