ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းကို ယနေ့ ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းက ကချင်လွတ် လပ်ရေးတပ်မတော် (KIA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ပူးပေါင်း အဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် KIA ၊ KPDF နှင့် ABSDF ပူးပေါင်းတပ်ဖွဲ့တို့မှ တွင်းငယ်ရဲစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။

“တွင်းငယ်ရဲစခန်းကို ၉ နာရီလောက်ကစပြီး တိုက်ခိုက်တာ။ ၁၁ နာရီကျော်လောက်မှ အပြီးသတ်သိမ်း နိုင်ခဲ့တယ်။ ဆက်လက်ထိုးစစ်ဆင်သွားမှာပါ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တွင်းငယ်ရဲစခန်းကို သိမ်းပိုက်ချိန်မှာ နာရီပိုင်းသာကြာမြင့်ခဲ့ပြီး လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် တွင်းငယ်ရဲစခန်းနှင့်အတူ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ချောင်းကြီး ကျေးရွာ စစ်ကောင်စီကာကင်း စခန်းများနှင့်ဆက်စပ်နေရာများကိုလည်း တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရချိန်တွင် စစ်ကောင်စီတပ်သားများနှင့် အဆိုပါစခန်းရှိ တပ်ဖွဲ့ဝင်များက လေယာဉ်ပစ်ကူလိုအပ်ကြောင်း ပြောဆို၍ တောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် KIA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက အင်းနက်ကျေးရွာရှိ စစ်ကောင်စီ၏ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

တာဝါတိုင်စခန်းကုန်းတည်ရှိရာ အင်းနက်ကျေးရွာ သည် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့ကြားတွင် တည်ရှိပြီး တကောင်းနီကယ်စက်ရုံနှင့် နီးကြောင်းသိရသည်။

တော်လှန် ရေးတပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယပိုင်းအဆက်အနေဖြင့် မန္တလေးတိုင်းနှင့် စစ်ကိုင်း တိုင်းအတွင်းရှိ ရှမ်းမန်းစစ်ဆင်ရေးအဖြစ် တိုက်ပွဲများကို ဖော်ဆောင်ခဲ့ရာ KIA ကလည်း တော်လှန်ရေး တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

ပုံစာ- သပိတ်ကျင်းရှိ တွင်းငယ်ရဲစခန်းကို သိမ်းပိုက်ပြီးမြင်ကွင်း
#မန္တလေး #သပိတ်ကျင်း #တွင်းငယ်ရဲစခန်း #KIA #KPDF #ABSDF #ပူးပေါင်းအဖွဲ့ #သိမ်းပိုက် #Ayeyarwaddy_Times