ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့ ကမ်းနားလမ်း ၊ မြို့တော်ခန်းမရှေ့လမ်းမပေါ်တွင် ဇူလိုင်လ ၂၄ရက်နေ့ နေ့လည်ပိုင်းက မြစ်ရေတက်ချိန် ရေကစားနေသောကလေးငယ်တစ်ဦး ကားကြိတ်ခံရကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“နေ့လည် ၂နာရီလောက်ကဖြစ်သွားတာ သေတာက ၁၀နှစ်လောက်ရှိမယ်။ ယောင်္ကျားလေး သူက ရေတက်ချိန်မှာ လမ်းပေါ်ပက်လက်လှန်ပြီးရေဆော့နေတုန်းကားတက်ကြိတ်ခံလိုက်ရတာ။ ကလေးတွေကတော့ အဲ့နားက ပျံကျနေတဲ့ကလေးတွေထဲကတစ်ယောက်ပဲ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

အဆိုပါသေဆုံးသွားသူ ကလေးငယ်မှာ မြို့တော်ခန်းမရှေ့နှင့် ရေဆင်းတန်ဆောင်းများတွင် အုပ်စုဖွဲ့ နေထိုင်သော အိမ်ခြေမဲ့ကလေးငယ်များထဲမှ တစ်ဦးဖြစ်ပြီး ပုသိမ်တံတားအမှတ်(၂)နှင့်ရေပေါ်ဈေးတို့တွင် လာရောက် လည်ပတ်သူများကို မုန့်ဖိုးတောင်းကာ ရှင်သန်နေထိုင်သူများဖြစ်ကြောင်းသိရသည်။

ကလေးငယ်သေဆုံးမှု့အတွက် ပုသိမ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း မော်တော်ယာဥ် ပိုင်ရှင်ဖမ်းဆီးမိခြင်းရှိမရှိကို မသိရှိကြောင်းဒေသခံများကပြောသည်။

ဓာတ်ပုံ-ပုသိမ် ကမ်းနားလမ်းပေါ်မြစ်ရေတက်နေသည့်မြင်ကွင်း
#ပုသိမ်မြို့တော်ခန်းမရှေ့ #မြစ်ရေတက်ချိန် #ရေကစားနေ #ကလေးငယ်တစ်ဦး #ကားကြိတ်ခံ ရ #သေဆုံး #Ayeyarwaddy_Times