ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

ဧရာဝတီတိုင်းရှိ ကွမ်းရွက်စိုက်ပျိုးရာဒေသများတွင် ဧရာဝတီမြစ်ရေတက်မှုကြောင့် ရက်ပိုင်းအတွင်းကွမ်းရွက်ဈေးသုံးဆနီးပါး မြင့်တက်လာကြောင်း သတင်းရရှိသည်။

ရေမကြီးခင်က ကွမ်းရွက်ဆယ်ပိဿာ လျှင် ၈၀,၀၀၀ကျပ်မှ ၉၀,၀၀၀ ကျပ်စျေးရှိရာမှ ယခု ကျပ် သုံးသိန်းနီးပါးရောက်ရှိလာကာ သုံးဆဈေးမြင့်တက်သွားကြောင်း ကွမ်းစိုက်ပျိုးသူတစ်ဦးက ပြောကြားသည်။

ထို့ပြင်လက်လီဈေးကွက်တွင် တစ်ရက်အတွင်း ကွမ်းရွက်အလတ်စား တစ်ပိဿာကို ၁၃၀၀၀ ကျပ်မှ ၂၆၀၀၀ကျပ်အထိ ဈေးတက်သွားကြောင်း ကွမ်းယာစားသုံးသူ အမျိုးသမီးတစ်ဦးက ပြောကြသည်။

“ရေကြီးတော့အပျက်အစီးများတယ်။ အခုမြစ်ရေဝင်ရောက်တဲ့နေရာတွေမှာ ရေတမံတုတ်ပြီးတော့ စုတ်ထုတ်နေတယ် ” ဟု ကွမ်းစိုက်သည့် ညောင်တုန်း‌ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင်ကွမ်းယာရောင်းသူများသည် ကွမ်းရွက်ဈေးမြင့်တက်သဖြင့် ယခင်ကွမ်းယာငါးရာဖိုး ခြောက်ယာမှ လေးယာကို စျေးတင်ရောင်းရကြောင်း ကွမ်းယာဆိုင်ရှင်တစ်ဦးက ပြောကြားသည်။

“ ဧရာဝတီဘက်ရေကြီးလို့ကွမ်းဈေးတက်တယ်လို့ ကွမ်းဒိုင်ကပြောတယ်။ ကွမ်းဈေးတက်တော့ ရောင်းရတာသိပ်မကိုက်တော့ဘူး။ အမြတ်နည်းသွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကွမ်းရွက်စိုက်ပျိုးရေးသည် ကုန်ကျစရိတ်များသဖြင့် ဧကလိုက်စိုက်သူနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများရှိကြောင်းသိရသည်။

ကွမ်းရွက် တစ်ဧက ကုန်ကျစရိတ်တွင် (တိုင်၊ အမိုး၊ အကာ၊ အလုပ်သမားခနှင့် သွင်းအားစုများ) အပါအဝင် သိန်း ၈၀ အထက် ကုန်ကျကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ နေ့စဉ်နေ့တိုင်း လူဦးရေ ခုနှစ်သန်းကျော်သည် ကွမ်းယာစားသုံးသည့် စျေးကွက်ကြီးဖြစ်နေကြောင်းသိရသည်။

ဧရာဝတီတိုင်း ကျိုက်လတ်၊ ဖျာပုံ ၊ ပန်းတနော် ၊ ဟင်္သာတ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ သားပေါင်းမြို့များတွင် ကွမ်းရအများဆုံးစိုက်ပျိုးကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ဧရာဝတီမြစ်ရေတက် #ကွမ်းရွက်ဈေးတက်
#သုံးဆနီးပါး #Ayeyarwaddy_Times