ဟိန်းစံ/ဧရာဝတီတိုင်းမ်
(ရန်ကုန်)၊သြဂုတ်လ ၁၀ ရက်

ရန်ကုန်မြို့၊အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေးတွေကိုအခြေပြုပြီး မြန်မာနိုင်ငံအနှံ့ကိုပြေးဆွဲနေတဲ့ အဝေးပြေးယာဥ်လိုင်းတွေရဲ့ အဝေးပြေးကားတွေပေါ်မှာ လူမဲ့တန်ဆာပစ္စည်းတင်ဆောင်မှုကို စစ်ကောင်စီကကန့်သတ်ပိတ်ပင်လိုက်တယ်လို့ ရန်ကုန်အဝေးပြေးယာဥ်လုပ်ငန်းအသိုင်းအဝိုင်းထံကသိရပါတယ်။

ကားအောက်တန်ဆာဘောက်တွေမှာ တန်ဆာတင်ခွင့်ပြုထားပေမယ့် ကားအပေါ်လူစီးခုံတွေမှာလူမဲ့တန်ဆာတင်ဆောင်တာကိုကန့်သတ်လိုက်တာလို့ အဝေးပြေးယာဥ်လိုင်းတာဝန်ခံတဦးက အခုလိုပြောပါတယ်။

” အဓိက ကတော့ သူတို့(စစ်ကောင်စီတပ်)လမ်းဂိတ်တွေမှာ စစ်တဲ့အခါ အောက်ဘောက်တွေဘဲစစ်ချင်တာပေါ့။ အပေါ်လူစီးခုံတွေထိသူတို့တက်မစစ်ချင်ဘူး။ အဲ့ဒီအပေါ်မှာ ဒီလက်နက်၊ခဲယမ်းတွေဝှက်ပြီးတင်လာနိုင်တယ်ဆိုပြီး မတင်ခိုင်းတော့တာ။ ပိုက်ဆံကျတော့ တဂိတ်မကျန်အကုန်တောင်းတယ်” လို ဂိတ်အမည်မဖော်လိုတဲ့ ရန်ကုန်မြို့အခြေစိုက်အဝေးပြေးယာဥ်လိုင်းတာဝန်ခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အခုလိုမိုးရာသီကာလ ခရီးသွားနည်းပါးတဲ့အချိန်မှာ ကုန်စည်ပစ္စည်းကိုအဓိကထားတင်ဆောင်နေရပြီး ကားပြေးဆွဲနေရခြင်းဖြစ်ကာ အခုလိုကန့်သတ်လိုက်တဲ့အတွက် ယာဥ်လိုင်းတွေမှာအခက်အခဲဖြစ်တယ်လို့ သူကဆက်လက်ပြောပါတယ်။

”ကျနော်တို့က ခုကာလ ဆီစျေးနဲ့ကားတခေါက်ထွက်ဖို့ကိုက်အောင်မနည်းလုပ်နေရတာ။ အောက်ဘောက်တွေက Scania တွေဆို အောက်ဘောက်ကဘာမှမဆန့်ဘူး။ ကုန် ၄၊ ၅ သောင်းဖိုးလောက်ဆို ပြည့်နေပြီ။ ခုကာလ က လူ ၄၀ လောက်ကားကို ၇ ယောက်လောက်နဲ့ထွက်ရတာ။ ကျနော်တို့က ကားအပေါ်ကို ခရီးသည်စိတ်အနှောက်အယှက်မဖြစ်မယ့် အနံ့မထွက်တဲ့ ပါဆယ်အသေးတွေ တင်လို့ရတဲ့ စက္ကူဖာတွေတင်တာပေါ့ ။ အောက်ကိုတော့တန်ဆာအကြီးပီနံလိုမျိုးတွေတင်တာပေါ့။ အခုကတင်မရတော့ဘူးဆိုတော့ တန်ဆာလည်းမရ လူကလည်းခါလီဆိုတော့ ဘလိုမှအဆင်မပြေဘူး” သူကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကွပ်ကဲမှုကော်မတီ- YRTC ကတော့ အဝေးပြေးယာဥ်တွေကို လူစီးခုံတန်းတွေမှာတန်ဆာတင်ဖို့ကို ကနဦးကထဲက ခွင့်ပြုထားတာမရှိဘူးလို့လည်း စစ်ကောင်စီနဲ့နီးစပ်တဲ့မီဒီယာတခုကိုပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်းတိုင်းအပါ အဝင် ဒေသအနှံ့အပြားကိုပြေးဆွဲနေတဲ့ အဝေးပြေးယာဥ်လိုင်းတွေကို စစ်ကောင်စီ ကုန်ပစ္စည်း ၁၉ မျိုး တင်ဆောင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။
လက်ရှိစက်သုံးဆီစျေးနှုန်းမြင့်တက်နေတဲ့အပြင် အရင်လိုလမ်း၊တံတားကြေးပါမက လမ်းတလျှောက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုင်းကို ငွေကြေးပေးဆောင်နေရလို့ ခရီးသည်မရ ၊ တန်ဆာမရဖြစ်နေတဲ့ယာဥ်လိုင်းတွေ အခက်တွေ့နေတယ်လို့ ယာဥ်လုပ်ငန်းအသိုင်းအဝိုင်းကဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အောင်ဆန်းကွင်းဘေးပတ် လည်က အဝေးပြေးယာဥ်လိုင်းဂိတ်ခွဲတွေ တန်ဆာကုန်တင်၊ကုန်ချခွင့်ကို စစ်ကောင်စီကပိတ်ပင်ခဲ့ပါတယ်။

ဓာတ်ပုံ – CJ