
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
မြန်မာနိုင်ငံတွင် အချမ်းသာဆုံးစာရင်းဝင် တစ်ဦးဖြစ်သူ ဦးသိမ်းဝေ (ခေါ်) Serge Pun သည် စင်ကာပူနိုင်ငံစာရင်းဝင် Yoma Strategic Holdings ကုမ္ပဏီ အမှုဆောင် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက် ကြောင်း Bloomberg သတင်းဌာနတွင် ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့က ဖော်ပြထားသည်။
ဦးသိမ်းဝေသည် နှုတ်ထွက်ရန်စာရွက်စာတမ်းတင်ထားပြီးနောက် ၎င်း၏သားအကြီးဆုံးဖြစ်သူ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်နှင့် ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ မဲလ်ဗင်ပန် (Melvyn Pun) ကို ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်မည်ဖြစ်ကြောင်းပါဝင်သည်။
“ အဲ့ဒီရာထူးပြောင်းလဲမှုအစီအစဉ်ကို အမြန်ဆုံးလုပ်ဆောင်ဖို့က ရိုးမကုမ္ပဏီနဲ့ ပါဝင်တဲ့ အစုရှယ်ယာ ရှင်တွေ ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေအတွက် အကောင်းဆုံးအကျိူးစီးပွားဖြစ်နိုင်တယ်”ဟု ရိုးမ ကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဆိုင်ရာနှင့်ပတ်သက်ပြီး စိစစ်မှုခံနေရသည့် သူဌေးကြီး၏ နောက်ဆုံး အပြောင်း အရွှေ့လည်းဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါရာထူးမှ နှုတ်ထွက်မှုသည် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၏ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး ရာဇဝတ်မှုတစ်ခုခုဖြင့်စွပ်စွဲချက်တင်ခံရပါက စီးပွားရေးလုပ်ငန်းများနှင့် မသက်ဆိုင်ဆိုသည့် ဖြေရှင်းချက် ဖြစ်နိုင်ကြောင်း စီးပွားရေးမူဝါဒရေးရာကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
“ သူ(ဦးသိမ်းဝေ)နှုတ်ထွက်တာကတော့ စီးပွားရေးအဖွဲ့အစည်းတွေ လုပ်ရိုးလုပ်စဉ်ဖြစ်မယ်။ မကြာခင်မှာ criminal case (အမှု) တစ်ခုခု နဲ့စွဲချက်တင်ဖို့များလောက်တယ်။ အဲဒီလိုမတင်ခင်မှာ လုပ်ငန်းစုကို သူနဲ့မဆိုင် တော့ဘူးဆိုပြီး အရင်ဆွဲထုတ်တာဖြစ်မယ်။ ရိုးမဘဏ်ကိုစွဲမလား။ သူ့ကိုပဲ တစ်ခုခုနဲ့စွဲမလားမသိဘူး။ ဘဏ်ကို တရားစွဲ လိုက်ရင်တော့ ဘဏ်စနစ်ပြန်ပြီးလှုပ်ခတ်မယ့်သဘောရှိတယ်” ဟု စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ဦးသိမ်းဝေ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည့် ရိုးမဘဏ်အပါအဝင် ဘဏ်ခုနစ်ခုကို အိမ်ရာငွေချေးရာတွင်သတ်မှတ်နှုန်းထားထက် ကျော်လွန်ချေးသည်ဟုဆိုကာ အရေးယူမည်ဖြစ်ကြောင်း ယခုလ အစောပိုင်းကထုတ်ပြန်ခဲ့သည်။
စင်ကာပူနိုင်ငံတွင်ဌာနချုပ်အဖြစ်အခြေစိုက်ထားသည့် Yoma Strategic Holdings ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရိုးမဘဏ်လုပ်ငန်းအပါအဝင်ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ အိမ်ခြံမြေဆောက်လုပ်ရေး လုပ်ငန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံထားသည်။
Yoma Strategic Holdings ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေ (ခေါ်) Serge Pun သည် စင်ကာပူနိုင်ငံ၏ အချမ်းသာဆုံးစာရင်းတွင် အဆင့် ၃၅ နေရာရှိကြောင်း Forbes က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ဖော်ပြထားသည်။
ဦးသိမ်းဝေက လက်ရှိတော်လှန်ရေးကာလတွင် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက နေပြည်တော်ကို တိုက်ခိုက်နိုင်စွမ်းမရှိ၍ စိတ်မဝင်စားသည့်အတွက် ကျေနပ်မှုရှိကြောင်း၊ လူတိုင်းနေပြည်တော်ကို မက်ပါက ၎င်း၏ ပိုင်ဆိုင်မှုများအတွက် ဒုက္ခရောက်မည်ဖြစ်ကြောင်း ယမန်နှစ်က တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားထားသည်။
ဓာတ်ပုံ – Bloomberg
#ရိုးမလုပ်ငန်းစု #ဦးသိမ်းဝေနုတ်ထွက် #yomaholding #ကုမ္ပဏီ #Ayeyarwaddy_Times