ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင် ၂၅ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နှင့် မြို့အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများသည် မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရာ လက်ရှိတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ် လိုအပ် နေကြောင်းသိရသည်။

မတူပီမြို့ကို ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)တို့က အပြီးသိမ်းပိုက်နိုင်ခဲ့သော်လည်း ချင်းလဲန်း အစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီ တပ်က မြို့နှင့်အနီးတစ်ဝိုက်တို့တွင် ထောင်ထားသော မြေမြှုပ်မိုင်းများကို ရှင်းလင်းနေရမှုတို့ကြောင့် ဒေသခံစစ်ရှောင်များနေရပ်သို့ ပြန်နိုင်သေးခြင်း မရှိကြောင်းသိရသည်။

“ချောင်းရေတွေ ကြီးတဲ့အတွက် ဆန်အိတ်တွေ သယ်လို့ မရဘူး။ လောလောဆယ် ရွာထဲမှာ ရှိသမျှ ရွာခံတွေရဲ့ ဆန်တွေပဲ စားနေကြတာပါ။ ဆား၊ ဆီ၊ ငပိတွေလည်း ပြတ်လပ်နေတယ်။ CDF-မတူပီ၊ တပ်ရင်း (၂) ကတော့ ဆား၊ ဆီကိုတော့ အနည်းငယ်မျှဝေပေးတယ်။ ဒီဟာလည်း ခဏပဲခံမယ်ပေါ့နော်။ ပြီးတော့ ဆေးဝါးတွေလည်း အကုန်ပြတ်နေတယ်။ လူနာတွေကို ကုသဖို့ ဆေးဝါးမရှိတဲ့အတွက် တချို့စစ်ရှောင်တွေဆိုရင် အသက်ဆုံးရှုံးတာတွေရှိတယ်” ဟု မတူပီဒေသတွင် စစ်ရှောင်နေသော အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိမတူပီမြို့နယ်တွင် ဖုန်းလိုင်းများအားလုံးပြတ်တောက်နေပြီး စစ်ရှောင်တချို့နှင့် အဆက်အသွယ် မရနိုင်သလို မတူပီမြို့၏ သတင်းများကိုလည်း ရယူနိုင်ရန် အလွန်ခက်ခဲလျက်ရှိသည်။

ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)က မတူပီမြို့ကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ပုံစာ-မတူပီမြို့နယ်တွင် စစ်ရှောင်နေကြသော ဒေသခံများ။
#မတူပီ #စစ်ရှောင်ဒေသခံများ #စားနပ်ရိက္ခာ #ဆေးဝါးများအရေးပေါ်လိုအပ်နေ #Ayeyarwaddy_Times