ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ရက်

ရခိုင်ပြည်နယ်၊ သံတွဲနှင့် ဂွမြို့အကြား ကျိန္တလီမြို့ အနီး သံတွဲ-ဂွလမ်းကြောင်းပေါ်ရှိ တစ်ခုတည်းသော တံတားဖြစ်သည့် ချင်းကွင်းတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

သံတွဲနှင့် ဂွကို ကူးသန်းသွားလာရန် အရေးအပါဆုံး တံတားဖြစ်သည့် ချင်းကွင်းတံတားကို ယမန်နေ့ ဇူလိုင် ၂၄ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

” ကျိန္တလီမြို့အနားမှာရှိတဲ့ တံတားပါ။ သံတွဲစစ်ရှောင်တွေ ဂွဘက်ကူးတာတို့၊ စားနပ်ရိက္ခာ သယ်ယူ တာတို့ဆိုလည်း ဒီတံတားကပဲလုပ်ရတာ။ တပ်တော်ကသံတွဲသိမ်းပြီးရင် ဂွဘက်ကူးလာမှာစိုးလို့ တံတားကို ချိုးပစ်တာ” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ မိုင်းခွဲဖျက်ဆီးလိုက်သည့် အဆိုပါ ချင်းကွင်းတံတားသည် သံတွဲနှင့် ဂွကို ဆက်သွယ် ထားသည့် တံတားဖြစ်ပြီး ဒေသခံပြည်သူများ ဆက်သွယ်ကူးသန်းရန် အသုံးပြု အားထားနေရသော တံတားဖြစ်သည်။

စစ်ကောင်စီသည် သံတွဲတွင် နောက်ဆုံးတစ်ခုတည်းသာကျန်တော့သော ၎င်းတို့၏ မောင်ရွှေလေး ရေတပ်စခန်းသို့ လာရောက်နိုင်သည့် တံတား သုံးစင်းကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ရက်နေ့ကလည်း သံတွဲ – ဇလွန်ရွာကားလမ်းရှိ သရက်ပင်ကွင်းတံတားနှင့် ဆင်ဒင်လေးတံတား၊ ဇူလိုင် ၂၀ရက်နေ့က အုန်းပင်ဝတံတားတို့ကို စစ်ကောင်စီက မိုင်းခွဲ ချိုးချခဲ့သည်။

သံတွဲမြို့ကို AAက အလုံးစုံ သိမ်းပိုက်ပြီး မြို့နယ်အတွင်းရှိ ကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီက စစ်ကူအင်အားများကို ဂွ- ငါးသိုင်းချောင်းလမ်း၊ ဂွ- သံတွဲ လမ်းတို့မှတစ်ဆင့် ပို့ဆောင်လျက်ရှိသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလကတည်းက ဂွမြို့တွင် စစ်ကူအင်အားတိုးချဲ့ထားပြီး AA က သံတွဲကို သိမ်းပိုက်လိုက်သည့်အခါ စစ်ကောင်စီနေဗီနှင့် ခမရ-၅၆၂၊ ခမရ-၅၆၃ တပ်ရင်းများဆီကိုပါ ပြည်မမှ ပြည်သူ့စစ်များကို ခေါ်ယူ၍ လက်နက်တပ်ဆင်ကာ အင်အားတိုးချဲ့ထားကြောင်း သိရသည်။

ဓာတ်ပုံ- ABN
#သံတွဲ #ဂွ #ကျိန္တလီ #စစ်ကောင်စီ #ချင်းကွင်းတံတား #မိုင်းခွဲ #ဖျက်ဆီး #AA #အသုံးမပြုနိုင်စေရန် #Ayeyarwaddy_Times