
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် တော်တလုပ်ကျေးရွာ၊ အောက်ထုံးကျေးရွာနှင့်ဘားမနီး ကျေးရွာတို့တွင် တိုးမြစ်ရေဝင်ရောက်မှုကြောင့် မူလတန်းစာသင်ကျောင်းအချို့ တစ်ပတ်ကြာယာယီပိတ်ထားရကြောင်းသတင်းရရှိသည်။
မအူပင်မြို့နယ်၌ ပြီးခဲ့သည့် ဇူလိုင် ၂၀ရက်နေ့ကစ၍ မိုးသည်းထန်းစွာရွာသွန်းကာ တိုးမြစ်ရေမြင့်တက်လာခဲ့ပြီး မြစ်ရေဝင်ရောက်မှုကြောင့် တော်တလုပ်ကျေးရွာ၊အောက်ထုံးကျေးရွာနှင့် ဘားမနီးကျေးရွာတို့၌ မူလတန်းကျောင်းများ ကိုယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးနှင့်နီးစပ်သူများထံကသိရသည်။
“မိုးကဆက်တိုက်ရွာတာဆိုတော့ တိုးမြစ်ရေမြင့်တက်လာပြီးတော့ရွာထဲကိုမြစ်ရေဝင်ပြီးရေကြီးသွားတာပေါ့။ ရေဝင်တဲ့ရွာတွေက မြစ်နဲ့နီးတဲ့ရွာတွေချည်းပါပဲ။ အဲ့မှာကမူလတန်းကျောင်းတွေပဲရှိနေတာ။ ကျောင်းတွေထဲအထိရေမြုပ်ကုန်တော့ တစ်ပတ်ယာယီပိတ်ထားလိုက်ရတယ်။ အစားထိုးသင်ပေးဖို့လုပ်နေတာတော့ရှိနေပါတယ်”ဟု မအူပင်မြို့နယ်ပညာရေးမှူးရုံးနှင့်နီးစပ်သူကဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် စာသင်ကျောင်းများအား ဇူလိုင်လ၂၃ရက်နေ့မှ ဇူလိုင်လ၂၆ ရက်နေ့အထိ တစ်ပတ်ကြာယာယီပိတ်ထားခြင်းဖြစ်ပြီး စာသင်ကျောင်းပိတ်ရက်များအတွက် ရက်အစားထိုးသင်ကြားမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးနှင့်နီးစပ်သူများထံကသိရသည်။
ယင်းသို့စာသင်ကျောင်းများယာယီပိတ်ထားမှုအပြင် ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၃၀ စု နှင့် လူဦးရေ ၁၅၀ နီးပါးမှာလည်း ရေဘေးသင့်နေကာ ကုန်းမြင့်ပိုင်းနေရာနှင့် ဘုန်းကြီးကျောင်းတို့၌ ယာယီခိုလုံနေရကြောင်း ကျေးရွာဒေသခံများထံကသိရသည်။
“ရွာထဲအထိရေဝင်လာတာ။ အိမ်တချို့ဆိုဆင့်ထိုးပြီးနေတာတောင်မရတော့လို့ရွှေ့လိုက်ရတယ်။ ဘုန်းကြီးကျောင်းကိုရွှေ့ရတာများတယ်။ အခုထိရေပြန်မကျသေးတော့ ဘုန်းကြီးကျောင်းမှာပဲခဏခိုလှုံနေရတယ်။ ရွာထဲမှာကျန်ခဲ့တဲ့သူတွေဆိုရင်လည်း အခုကုန်းမြင့်တဲဘက်ကိုပြောင်းတဲ့သူတွေလည်းရှိနေတယ်”ဟု ရေဘေးသင့်ဒဏ်ခံစားနေရသည့်တော်တလုပ်ကျေးရွာဒေသခံတစ်ဦးကဆိုသည်။
မအူပင်မြို့နယ်တွင်ပြီးခဲ့သည့် ဇူလိုင်လ ၁၈ရက်နေ့ကစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုးမြစ်ရေအခြေအနေသည် စိုးရိမ်ရေမှတ်၇၃၀ စင်တီမီတာရှိရာမှ ယနေ့ဇူလိုင်လ ၂၅ရက်နေ့၌ ၇၁၃ စင်တီမီတာသို့ ပြန်လည်ကျဆင်းခဲ့ကာ ဆက်လက်ကျဆင်းနိုင်ခြေရှိနေကြောင်း မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
#မအူပင် #တိုးမြစ်ရေဝင်ရောက် #စာသင်ကျောင်းအချို့ #ယာယီပိတ်ထားရ #Ayeyarwaddy_Times