နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

တရုတ်နိုင်ငံသည် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ယခင်နှစ်များထက် စိတ်ဝင်စားပြီး ပိုမိုပါဝင်ပတ်သက်လာသည်ကို တွေ့ရှိရကြောင်း မြန်မာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ထံက သိရသည်။

တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း အပါအဝင် စစ်ခေါင်းဆောင်များ၊ စစ်အုပ်စုခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။

“တရုတ်က ၂၀၂၃ ကစပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် ပိုပြီးတော့ စိတ်ဝင်စားလာတယ်လို့ ပြောရပါမယ်။ ဒီ ၂၀၂၄ ထဲမှာ ပိုထူးခြားတာက မြန်မာဘက်က အာဏာသိမ်း ခေါင်းဆောင်တွေ၊ စစ်အုပ်စုအပေါ် ဩဇာရှိသူတွေကို တွေ့ပြီး ရွေးကောက်ပွဲကိစ္စ ပြောလာတယ်” ဟု BACS ပြောခွင့်ရ ကိုမင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့သည် ၂၀၂၂ ခုနှစ်မှစ၍ တစ်နှစ်တစ်ကြိမ် တွေ့ဆုံခဲ့သလို ယခု ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင်လည်း တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ၊ မဲစာရင်းအခြေအနေနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

“၂၀၂၃ မှာဆိုရင် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ နှစ် ကြိမ်တိုင် တရုတ်ကို သွားရောက်ခဲ့တာ ရှိတယ်။ အခုလိုပဲ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားတာပေါ့။ ဇူလိုင်လမှာ တစ် ကြိမ်၊ စက်တင်ဘာလမှာ တစ်ကြိမ် သွားတာမျိုး တွေ့ရတယ်” ဟု BACS ပြောခွင့်ရ ကိုမင်းထက်အောင်က ဆိုသည်။

ထို့အပြင် ယခုနှစ် ဇွန်လကုန်တွင် တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်ဖြင့် သမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်သို့ သွားရောက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံကာ စစ်ခေါင်းဆောင် အာဏာစွန့်ရေး ကြိုးပမ်းရန်နှင့် ကြားဖြတ်အစိုးရကိစ္စ ဆွေးနွေးခဲ့သည်ဟု စင်္ကာပူအခြေစိုက် CNA သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်ကလည်း စစ်ခေါင်းဆောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai တို့ တွေ့ဆုံပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်အစိုးရအတွက် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးသည် ဦးစားပေးဖြစ်သလို လာမည့် ၂၀၂၅ ခုနှစ်ဝန်းကျင်တွင် ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် ပိုမိုတွန်းအား ပေးလာနိုင်ပြီး နိုင်ငံတကာနှင့် အဖွဲ့အစည်းများကိုလည်း အားပေးရန် စည်းရုံးပေးခြင်းတို့ လုပ်လာနိုင်ကြောင်း BACS ပြောခွင့်ရ ကိုမင်းထက်အောင်က ဆိုသည်။

“တိုက်ပွဲအရှိန်တွေ လျော့ကျအောင် ကြားဝင်ညှိနှိုင်းတာ၊ နိုင်ငံရေး အင်အားစုတွေ လက်နက်ကိုင် အင်အားစုတွေနဲ့လည်း ရွေးကောက်ပွဲအတွက် ညှိနှိုင်းတာမျိုးတွေ လုပ်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေး/နိုင်ငံရေး တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေအနေတွေပေါ် မူတည်ပြီး အပြောင်းအလဲတွေ အများကြီး ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းအပြင် ဒုစစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်တွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး ခဲ့သလို စစ်ကောင်စီက အသိအမှတ်ပြုထားသည့် နိုင်ငံရေးပါတီ လေးပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့သည်လည်း တရုတ် ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်ကြောင့် လက်ရှိတွင် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည်။

စစ်ကောင်စီက ပြုလုပ်လိုသည့် ရွေးကောက်ပွဲသည် တရုတ်အစိုးရလုပ်စေချင်သည့်ပုံစံနှင့် များစွာ ကွာခြားနေပြီး စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို ပြုလုပ်ရန် မရှိဘဲ ပါးစပ်ဖြင့်သာ ပြောဆိုနေခြင်းကြောင့် ယင်းရည်ရွယ်ချက်မှာ ၎င်းတို့ အာဏာသိမ်းခြင်းကို တရားသည်ဟု ထင်မှတ်စေရန် ပြောခြင်းသာဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဆိုသည်။

“တရုတ်က စစ်ကောင်စီကို ပြောနေတဲ့ ရွေးကောက်ပွဲဆိုတာ NLD တို့ ဘာတို့ ပါဝင်တဲ့၊ မြန်မာပြည်မှာ အရေးပါအရာရောက်တဲ့ လူတွေအားလုံး ပါဝင်လာရေးအတွက် သူပြောနေတာ ဖြစ်တယ်ဗျ။ အဲဒါကြောင့် ဒီနှစ်ခုက သဘောထားခြင်းညီဖို့ မလွယ်ပါဘူး။ အခုဆို ပိုဆိုးတာပေါ့နော်” ဟု ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သော ဇူလိုင် ၆ ရက်မှ ၁၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ဆောင်မှု ခြောက်ကြိမ်ရှိခဲ့ပြီး ၎င်းတို့မှာ မဲစာရင်း စီမံခန့်ခွဲမှုစနစ် အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ်၊ MEVM မဲပေးစက် စမ်းသပ်မှု တစ် ကြိမ်၊ နိုင်ငံရေးပါတီများဆိုင်ရာ လှုပ်ရှားမှု နှစ်ကြိမ်နှင့် မဲဆန္ဒရှင် စာရင်းဆိုင်ရာ လှုပ်ရှားမှု တစ်ကြိမ်တို့ဖြစ်ကြောင်း BACS ထံက သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#စစ်ကောင်စီ #ကျင်းပ #ရွေးကောက်ပွဲ #ယခင်နှစ် #တရုတ် #ပိုမိုပါဝင်ပတ်သက် #Ayeyarwaddy_Times