ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာတွင် ဇူလိူင်လ ၂၂ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၂၀ ခန့်အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း သတင်းရရှိသည်။

ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအရှည် ၇၀ ပေ၊ အ ကျယ် ၂၀ ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ကာ ကမ်းအနီးတွင်နေထိုင်သည့် နေအိမ် ၂၀ခန့်အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

” အိမ်တွေတော့သူတို့ ကိုယ်တိုင်ဖျက်ပြီးရွှေ့တာ၊ ပြိုကျတဲ့နေရာနဲ့အိမ်တွေနဲ့ အကွာအဝေးနီးလာပြီး ကြိုပြီးရွှေ့လိုက်တော့အိမ်ပျက်စီးတာတို့ လူထိခိုက်တာမျိုးတော့မရှိပါဘူး”ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

လက်ရှိတွင် နေအိမ်ရွှေ့ပြောင်းခဲ့ရသည့် မိသားစု၀င်များသည် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်နှင့်ဘုန်းကြီးကျောင်း ၊စာသင်ကျောင်းများတွင် ယာယီနေထိုင်နေကြောင်းသိရသည်။

ဧရာ၀တီတိုင်းအတွင်းမြို့နယ်တစ်ချို့တွင်ဇူလိူင်လ ၁၅ရက်နေ့မှစတင်ပြီး မြစ်ရေ များ စိုးရိမ်ရေမှတ်သို့ရောက်ရှိခဲ့ပြီး ကျေးရွာတစ်ချို့တွင် ရေနစ်မြုပ်မှုများ၊ မြစ်ကမ်းပြိုကျမှုများ ဆက်တိုက်ဖြစ်ပွားလာနေကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း မြစ်ရေကြီးမြင့်မှုများ၏နောက်ဆက်တွဲ အနေဖြင့် စားဝတ်နေရေးခက်ခဲနေကြပြီး ရေနစ်မြုတ်သည့်ဒေသအချို့တွင် ဆန်နှင့်အခြေခံကုန်စည်အချို့ကို အဆမတန်စျေးတင်ရောင်းခြင်းများ ပြုလုပ်နေသည်။ ထို့အပြင် စကစအနေဖြင့်လည်း ရေဘေးဒုက္ခသည်များကို ထိရောက်သည့်အကူအညီများမပေးနိုင်ပဲ ဒေသခံပရဟိတအဖွဲ့အစည်းများကသာ တတ်စွမ်းသမျှကူညီနေကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

#ဝါးခယ်မမြို့နယ် #မြစ်ကမ်းပါးပြိုကျမှုကြောင့် #နေအိမ်၂၀ခန့် #အရေးပေါ် ရွှေ့ပြောင်း #Ayeyarwaddy_Times