ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ တိုက်ပွဲအတွင်း ပိတ်မိနေသော ဒေသခံပြည်သူအချို့နှင့် သံတွဲမြို့နယ်မှ စစ်ရှောင်လာသူ ပြည်သူများ စားသောက်နေထိုင်ရေး ခက်ခဲလာကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့သည် လက်ရှိတွင် သံတွဲမြို့နယ် ဂျိတ္တောနှင့် မြပြင်ရပ်ကွက်တို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ဂျိတ္တောရပ်ကွက်မှာက တိုက်ပွဲပြင်းထန်နေတယ်။ ၁၈ရက်နေ့ကတည်းက ရွာထဲ ပိတ်ဆို့ခံလိုက်ရပြီး ထွက်ခွင့်မရတော့တာ။ ရှိတဲ့ စားနပ်ရိက္ခာတွေကကုန်ပြီ။ စစ်တပ်ကရွာကို စီးနင်းထားတော့ အပြင်ထွက်ရှာဝယ်လို့လည်းမရဘူး” ဟု ဂျိတ္တောရပ်ကွက်နှင့် နီးစပ်သည့် သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့ကတည်းက ဂျိတ္တောရပ်ကွက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံများကို ပိတ်ဆို့ဖမ်းဆီးကာ ရပ်ကွက်အတွင်း အထိုင်ချ ခံစစ်ပြင်ထားခြင်းဖြစ်သည်။

အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် ဇူလိုင် ၂၀ရက်နေ့က ဂျိတ္တောရှိ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြပြင် မြို့ရှောင်လမ်းသစ်အနီးတွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ဂျိတ္တော ရပ်ကွက်ဘုန်းကြီးကျောင်းနှင့် ဒေါင်းသောက်ရေ ဆည်တမံအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

မြပြင်ရပ်ကွက်တွင်လည်း စစ်ရှောင်ခွင့်မရလိုက်ဘဲတိုက်ပွဲအတွင်း ပိတ်မိနေသည့် ဒေသခံများမှာ အခြေခံစား သောက်ကုန်များကိုပင် ဝယ်မရဖြစ်ကာ စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း သိရသည်။

“မြပြင်က သူတွေက ဇူလိုင် ၇ ရက်နေ့လောက်ကတည်းက ထွက်လာလို့မရတော့တာ ဆန်တစ်အိတ် နှစ်သိန်းကျော်ကိုတောင် ရှာဝယ်မရလို့ ဆန်လည်းပြတ်နေကြပြီ။ ဘယ်လိုရှေ့ဆက်မလဲမသိဘူး။ တိုက်ပွဲလည်း ဖြစ်နေတော့ အတော်စိတ်ပူစရာပါဘဲ” ဟု သံတွဲဒေသခံတစ်ဦးကပြောသည်။

သံတွဲမြို့တွင် ဇွန်လကတည်းက စစ်ရှောင်လာသူ အများစုမှာ စားနပ်ရိက္ခာအကူအညီမရသည့်အတွက် ခက်ခဲလာနေပြီး လက်ရှိလုပ်ကိုင်စားသောက်ရန် အလုပ်အကိုင်လည်း မရှိဖြစ်နေ၍ ရှေ့ဆက်ရပ်တည်ရန် ခက်ခဲနေကြောင်း သိရသည်။

ဓာတ်ပုံ- ABN
ပုံစာ- သံတွဲမြို့အတွင်း ပိတ်မိ​နေသူ ​ဒေသခံများကို AAကယ်ထုတ်လာစဥ်
#သံတွဲ #စစ်ကောင်စီ #AA #တိုက်ပွဲအတွင်း #ဒေသခံပိတ်မိ #စားနပ်ရိက္ခာပြတ်လပ် #Ayeyarwaddy_Times