ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ရက်

စစ်မှုမထမ်းမနေရဥပဒေဖြင့် ဖိအားပေးခေါ်ဆောင်ခြင်းကြောင့် ပြည်သူ့စစ်မှုထမ်းသင်တန်းတက် ရောက်ခဲ့ရသည့် အမှတ်စဉ် (၁) သင်တန်းဆင်းများကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းသို့ ပို့ဆောင်လျက်ရှိရာ အဆိုပါ စစ်မှုထမ်းသင်တန်းဆင်းများသည် တိုက်ပွဲအတွင်းမှနေ၍ အစုလိုက် ထွက်ပြေးမှုများရှိကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် မြပြင်၊ ဂျိတ္တောနှင့် မောင်ရွှေလေးရေတပ်တို့တွင် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းများကို ပို့ဆောင်ထားပြီး သင်တန်းဆင်းများသည် တပ်ရင်း၊ တပ်ဖွဲ့များကို စွန့်ခွာ၍ နေ့စဉ်ထွက်ပြေးမှုများရှိနေကာ တချို့ကို အာရက္ခတပ်တော် (AA) က ခေါ်ယူစောင့်ရှောက်ပေးမှုများရှိကြောင်း သိရသည်။

“နေ့တိုင်းနီးပါးပဲပြေးကြတာ။ တချို့ဆိုဖိနပ်တောင်မပါဘူး။ လေးငါးရက် လမ်း‌လျှောက် ထွက်ပြေး လာသူတွေလည်းရှိတယ်။ သင်တန်းသားအသစ်တွေလို့ပြောတယ်။ တချို့ တပ်တော်ဘက်ကို ပြေးကြလို့ တပ်တော်က ကယ်ထားတာတွေရှိတယ်ကြားတယ်။ နေ့တိုင်း သုံးယောက်တစ်ဖွဲ့၊ လေးယောက်တစ်ဖွဲ့ ပြေးကြတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စခန်းစွန့်ခွာ ထွက်ပြေးသည့် စစ်မှုထမ်းသင်တန်းဆင်းများသည် နယ်မြေကျွမ်းကျင်မှုမရှိသည့်အတွက် ပြန်လည်ဖမ်းဆီး ရမိသွားသူများလည်းရှိကြောင်း သိရသည်

ယခုရက်ပိုင်းအတွင်းတွင် မောင်ရွှေလေးရေတပ်မှ တပ်ကြပ်ကြီးဖြစ်သူ ဆန်းဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး ရေတပ်စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

AA သည် သံတွဲမြို့ကို ဧပြီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သံတွဲမြို့အခြေစိုက် ခမရ-၅၆၆နှင့် ခလရ -၅၅ တို့အပြင် သံတွဲလေဆိပ်ကိုပါ သိမ်းဆည်း ရမိခဲ့ပြီး သံတွဲမြို့နယ်အတွင်း တစ်ခုတည်းသာ ကျန်ရှိနေသော မောင်ရွှေလေးရေတပ်ကို ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီက သံတွဲတွင် တစ်ခုတည်းသာကျန်ရှိသော စစ်စခန်းဖြစ်သည့် မောင်ရွှေလေးရေတပ် မကျစေရေး ဂျိတ္တောနှင့် ဇလွန်ရွာတို့တွင်ပါ စစ်ကူအင်အား ထပ်ဖြည့်ထားပြီး အပြင်းအထန် ကာကွယ်နေကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ရောက်ရှိလာသူများ
#သံတွဲ #စစ်ကောင်စီ #စစ်မှုမထမ်းမ‌နေရ #ပြည်သူ့စစ်မှုထမ်းဥပဒေ #သင်တန်းသားများ #တိုက်ပွဲပို့ #ထွက်ပြေး #Ayeyarwaddy_Times