ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် စစ်ကောင်စီတပ်မှ စစ်ကူတပ်အင်အား အများအပြား စစ်ယာဉ်တန်းဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့က ကျောက်မဲမြို့သို့ စစ်ကူတပ်အင်အားရာကျော်ကို ယာဉ်တန်းဖြင့် ပို့ဆောင်ခဲ့ရာ တအာင်းတပ်မတော် (TNLA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည့်အတွက် တပ်ကူရန်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများကာ လေကြောင်းမှ ပစ်ကူပြန်ပေးခဲ့ရကြောင်း သိရသည်။

“ရှမ်းတောင်ကနေ စစ်ကူလာတဲ့ အင်အား ၂၈၀ ကျော်က သေကွင်းထဲရောက်သွားလို့ လေကြောင်း ကရှယ်ကူပေးနေတာ။ မြို့ကိုဆက်တိုက်ကြဲနေတာ မနေ့က။ တပ်ကူစစ်ကြောင်းက သုံးကြောင်းနဲ့ ကျွဲကုန်း၊ နောင်ပိန်လေး၊ နားပြိန်းဘက်မှာခွဲပြီး လက်နက်ကြီး တွေနဲ့ပစ်ဖို့လုပ်နေကြရင်း TNLA က ပိတ်ဆို့ပြီး တိုက်တော့ ကမောက်ကမတွေဖြစ်ကုန်တာ။ တပ်ကူလာတဲ့စစ်ကြောင်းကို လေကြောင်းက ပြန်ကယ်နေရတယ်။ စစ်ကူတက်လာတဲ့ စစ်ယာဉ်တန်းအဖွဲ့အကုန်ပလုံ” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျောက်မဲမြို့ကို စစ်ကူရန်အတွက် တပ်မ(၁၁) နှင့် ရှမ်းတောင်မှ ထွက်လာသည့် တပ်အင်အား ၃၀၀ နီးပါးသည် မြို့ကိုပြန်လည်ထိန်းချုပ်ရန် ကြိုးစားရင်း သေကွင်းထဲရောက်ရှိသွားသဖြင့် လေကြောင်းမှ ဗုံးကြဲ၍ ကာကွယ်ပစ်ကူပေးခဲ့ရကာ လက်ကျန်တပ်သားအချို့မှာ ပြန်လည်ဆုတ်ခွာသွားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ထို့အပြင် ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့တွင် ကျောက်မဲ မြို့တိုက်ပွဲအတွင်းမှ ရရှိသည့် စစ်ကောင်စီ၏ လက် နက်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးအလောင်း ၅၄ လောင်းနှင့် အရှင်ဖမ်းဆီးရမိသူ ၄၀ ဦး ရှိကြောင်း TNLA က ထုတ် ပြန်ကြေညာသည်။

ထိုသို့ ကျောက်မဲကို စစ်ကူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားရာချီမှာ TNLA ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြီး ဆယ်ဂဏန်းသာကျန်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ ကျောက်မဲမြို့တွင် စစ်ကောင်စီ၏ တပ်စခန်း ၅၀၁၊ ၅၀၂ တပ်စခန်းနှင့် နတ်တောင် တပ်စခန်းတို့သာကျန်ရှိပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်သားများကို TNLA နှင့် ပူးပေါင်းအဖွဲ့က တိုက်ထုတ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပုံစာ – ပျူစောထီးများနှင့် စစ်ကောင်စီကအတင်း အဓမ္မစုဆောင်းထားသည့်တပ်သားသစ် ဦးဝါသဝအဖွဲ့များ(ပုံဟောင်း)
#ရှမ်းမြောက် #ကျောက်မဲ #စစ်ကောင်စီ #စစ်ကူအင်အား #ပို့ဆောင် #ရာချီ‌သေဆုံး #Ayeyarwaddy_Times