
ဧရာဝတီတိုင်းမ်
(အင်းစိန်)၊ ဇူလိုင် ၂၄ ရက်
ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့က ကျန်းမာရေးမကောင်းသည့် နိုင်ငံရေးအကျဉ်းသူ အပါအဝင် အကျဉ်းသူနှစ်ဦးကို ထောင်အာဏာပိုင်များက တိုက်ပိတ်ခဲ့ပြီး ကျန်အကျဉ်းသူများလည်း ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူများ ထံက သိရသည်။
နိုင်ငံရေးအကျဉ်းသူတစ်ဦးသည် ကျန်းမာရေးမကောင်းသည့်အတွက် သူငယ်ချင်းဆေးကျောင်းသူထံ ဆေးလာတောင်းခြင်းဖြစ်ပြီး ကျန်နိုင်ငံရေးအကျဉ်းသူမှာ စာအုပ်လာငှားခြင်းဖြစ်ကာ ထောင်အာဏာ ပိုင်များက အကြောင်းမဲ့ တိုက်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးမကောင်းသည့် နိုင်ငံရေးအကျဉ်းသူမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို ပြင်းပြင်း ထန်ထန်ခံစားနေရပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိ၍ တိုက်မပိတ်ရန်ဝိုင်းဝန်း တောင်းဆို ပေးကြသည့် အခြားအကျဉ်းသူများကိုလည်း ထောင်တာဝန်ရှိသူ နှစ်ပွင့်အရာရှိ ဒေါ်သဲဇာခြည်ဝင်း မှ ဦးဆောင်ကာ အကြမ်းဖက်ရိုက်နှက်ခဲ့ကြောင်း သိရသည်။
“ဘာ campagin(ကမ်ပိန်း) ဘာမှကို မရှိဘဲနဲ့သက်သက် အနိုင်ကျင့်ခံရတာပါ။ ဆေးတောင်း တာကနေပြီးစဖြစ်တာပါ။ CCTV ကနေပြန်ကြည့်ပြီး စည်းကမ်းထိန်းသိမ်းရေး ရုံးမှာခေါ်စစ်တယ်။ အကြောင်းပြချက်မရှိဘဲ တိုက်ထဲထည့်လိုက်တာပါ။ နောက်ထပ်တစ်ယောက်လည်း ပါသွားတာပါဘဲ” ဟု အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်မပိတ်ရန် တောင်းဆိုသည့်အကျဉ်းသူများကို နှစ်ပွင့်အရာရှိ ဒေါ်သဲဇာခြည်ဝင်း က ယောကျာ်းလေး ထောင်ဝါဒါများကို ခေါ်ယူ၍ ကျဉ်စက်များ၊ နံပါတ်တုတ်များဖြင့် ရိုက်နှက်ကာ အကြမ်းဖက်ခဲ့ပြီး တိုက်ပိတ်ခံရသည့်အကျဉ်းသူနှစ်ဦးမှာလည်း ယခုအချိန်ထိ ဆက်လက်တိုက်ပိတ်ခံထားရဆဲဖြစ် ကြောင်း သိရသည်။
အကြမ်းဖက်မှုတွင် ဒေါ်အိဇာနည်ခိုင်(တစ်ပွင့်) ၊ ဒေါ်သက်သက်ဇင်(တစ်ပွင့်)၊ ဒေါ်မြမြခိုင်(တစ်ပွင့်) နှင့် အခြား အမျိုးသား ထောင်ဝါဒါများ ပူးပါင်း ပါဝင်ကြောင်းလည်း ရှေ့နေတစ်ဦးထံက သိရသည်။
အင်းစိန်ထောင်တွင် အမျိုးသမီးဦးစီးမရှိဘဲ ပြောင်းရွှေ့လာသည်မှာ မကြာသေးသည့် နှစ်ပွင့်အရာရှိ ဒေါ်သဲဇာခြည်ဝင်းက နိုင်ငံရေးအကျဉ်းသူများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထောင်အာဏာပိုင်များသည် ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့ကလည်း ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသူများကို ထောင်ဆူပူသည်ဟု အကြောင်းပြကာ ရိုက်နှက်နှိပ်စက်ခဲ့ပြီး အကျဉ်းသူ ၃၀ ကျော်ကို တိုက်ပိတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အင်းစိန်ထောင် #နိုင်ငံရေးအကျဉ်းသူ #တိုက်ပိတ်ခံရ #ကျန်းမာရေးမကောင်း #ထောင်အာဏာပိုင် #Ayeyarwaddy_Times