ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ကမ်းနီကျေးရွာနှင့် ရခိုင်ကျေးရွာတို့တွင် စစ်မှုထမ်းများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ ဒေသခံများထံမှ ကောက်ယူထားသော ထောက်ပံ့ကြေးများကို မြို့နယ်စစ်ကောင်စီထံ စာရင်းတင်ပြခြင်းမရှိသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အဖမ်းခံရကြောင်း သတင်းရရှိသည်။

ကမ်းနီးကျေးရွာနှင့်ရခိုင်ကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ပြီးခဲ့သည့် စစ်မှုထမ်းအပတ်စဉ် (၁)နှင့်အမှတ်စဉ်(၂)အတွက် ကျေးရွာဒေသခံများထံ ကောက်ယူထားသည့်ထောက်ပံ့ငွေ ငွေကျပ် သိန်း၃၀၀ကျော်ရရှိခဲ့သည်။ အဆိုပါငွေများကို စစ်မှုထမ်း သင်တန်းတက်ရောက်သူ မိသားစုဝင်များထံပေးအပ်ခြင်းမရှိသည့်အပြင် မြို့နယ်စစ်ကောင်စီထံသို့ စာရင်းတင်ပြခြင်းမရှိ၍ စစ်ကောင်စီတပ်သားများက ဇူလိုင်လ(၂၂)ရက်နေ့တွင် ခလရ(၂၇၁) တပ်ဝန်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများထံကသိရသည်။

“ ကမ်းနီးနဲ့ ရခိုင်ကအုပ်ကြီးတွေ စစ်မှုထမ်းအပတ်စဉ်အတွက်ရွာထဲကိုထောက်ပံ့စရိတ်ကောက်ထားတဲ့ငွေတွေစာရင်းမပြလို့ဆိုပြီးတော့မြို့နယ်ထွေအုပ်ကိုတိုင်ကြတာပေါ့။ အဲ့တာနဲ့ ခလရ (၂၇၁)က လာခေါ်ပြီးတော့ စစ်တယ်။ စစ်တပ်တွေပဲရဲတွေမပါဘူး။ နောက်တနေ့ နေ့လည်ကျမှ ဒဏ်ငွေကောခံဝန်ပါထိုးပြီး ပြန်လွှတ်ပေးလိုက်တယ်။ အချင်းချင်းအဝေမတည့်လို့တိုင်ကြရင်းမလွဲသာလို့လာဖမ်းတဲ့သဘောပြောလို့ရတယ်”ဟု ကမ်းနီကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို တစ်ဦးလျှင် ငွေကျပ်သိန်း၅၀ ဒဏ်ကြေးတောင်းခံပြီး ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံက သိရသည်။

ယင်းသို့ဒဏ်ငွေတောင်းခံရပြီးနောက် စစ်မှုထမ်းအပတ်စဉ်(၃)အတွက်ဟုဆိုကာရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ယမန်နေ့ဇူလိုင်လ(၂၃)ရက်နေ့ကစ၍ ဒေသခံများထံအိမ်ထောင်တစ်စုလျှင် ငွေ ၂၀၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်အထိ ထပ်မံကောက်ခံနေကြောင်း သိရသည်။

ပေးဆောင်ခြင်းမရှိသည့်အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် အမျိုးသားတစ်ဦးနှုန်းဖြင့် စာရင်းကောက်ယူနေကြောင်း ဒေသခံများ၏ပြောဆိုချက်အရသိရသည်။

“ အုပ်ချုပ်ရေးမှူးတွေဒဏ်ငွေအတောင်းခံရတာနဲ့ စစ်မှုထမ်းအပတ်စဉ်(၃)အတွက်ဆိုပြီးတော့တစ်အိမ်ကို နှစ်သောင်းကနေ ရှစ်သောင်းတောင်းနေတယ်။ ရှိတဲ့အိမ်ကိုငွေတောင်းတာများတယ်။ မရှိတဲ့အိမ်ကိုက နှစ်သောင်းလောက်တောင်းနေတာ။ မပေးနိုင်တဲ့အိမ်တွေကို လူတောင်းတာပေါ့။ တစ်အိမ်ကိုယောကျ်ားလေးတစ်ယောက်စာရင်းကောက်သွားတယ်”ဟု ရခိုင်ကျေးရွာဒေသခံတစ်ဦးကဆိုသည်။

ငပုတောမြို့နယ်ရှိ အချို့သောကျေးရွာများတွင်လည်း စစ်မှုထမ်းအပတ်စဉ်(၃) အတွက် ပါဝင်မည့်စစ်မှုထမ်းများအား ထောက်ပံ့ရန်ဟုဆိုကာ ကျေးရွာဒေသခံများထံမှအိမ်ထောင်စုတစ်စုလျှင် ငွေ ၁၀၀၀၀ကျပ်မှ ၃၀၀၀၀ ကျပ်ကြားကောက်ခံခဲ့ပြီး မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သို့ စာရင်းပေးပို့ခြင်းမရှိပဲရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ခွဲဝေရယူနေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်
သူများကပြောဆိုချက်အရသိရသည်။

#ငပုတော #ရပ်ကျေးအုပ်ချုပ်ရေးမှူး #စစ်မှုထမ်း #ထောက်ပံ့ #စစ်ကောင်စီ #ဖမ်းဆီး
#Ayeyarwaddy_Times