နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်သုံးမြို့နယ်တွင် စစ်ရှုံး စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း နှစ်ပတ်တာအတွင်း အရပ်သား ၄၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများတွင် အမျိုးသမီးအများဆုံးပါဝင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ထံက သိရသည်။

တအာင်းတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် PDF တပ်ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်သည့် ဇွန် ၁၉ ရက်မှ ဇူလိုင် ၄ ရက်အထိ နှစ်ပတ်တာအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၄၆ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများကို စာရင်း ကောက်ယူရာတွင် အမျိုးသမီးအရေအတွက်များပြားနေပြီး တချို့သောအလောင်းများသည် အမျိုး သမီး၊ အမျိုးသားပင် ခွဲခြား၍မရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ ပြောရေးဆိုခွင့် ရှိသူ ယိင်းလျန်းဟန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ကျွန်မတို့ စာရင်းကောက်ယူမှုအရ အမျိုးသမီး သေဆုံးမှုက ၂၄ ဦး ၂၅ ဦးလောက် ရှိမယ်။ အတိအကျတော့ မသိရဘူး။ ဘာဖြစ်လို့လဲဆိုရင် တချို့အလောင်းတွေက အမျိုးသမီးလား၊ အမျိုးသားလား မသိရဘူး။ အမျိုးသမီးသေဆုံးမှုက အမျိုးသား သေဆုံးမှုထက် ပိုများတယ်လို့တော့ ပြောလို့ရတယ်။ အများဆုံးက လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့်ပဲ” ဟု ယိင်းလျန်းဟန်က ဆိုသည်။

စစ်ကောင်စီသည် ယင်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် အလားတူစွာ တရုတ်ရေနံနှင့် သဘာဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်ရှိ မြို့များတွင် သေဆုံးထိခိုက်မှု များစေသော ပေါင် ၅၀၀ ဗုံးများ အသုံးပြုခြင်းအပါအ၀င် အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများကို မြို့နှင့်ရွာများအပေါ် ပိုမိုစုစည်းပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ဒီစစ်ဆင်ရေးမှာ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အဓိကအခက်အခဲက စားဝတ်နေရေးပေါ့နော်။ ပြီးတဲ့အခါ ကိုယ်ဝန်ဆောင်တွေဆိုရင် ကျန်းမာရေး အခက်အခဲ။ ဆေးရုံဆေးခန်းတွေ ပိတ်ထားတဲ့ အခါကျတော့ မွေးဖို့ဖွားဖို့အတွက် ရေလမ်းအပါအဝင် အဆင့်ဆင့်သယ်ရတာမျိုးတွေ ရှိတယ်။ ပြောရမယ်ဆိုရင် အမျိုးသမီးတွေ လက်ရှိကြုံနေရတာက အများကြီးပဲ” ဟု SHRF ၏ ပြောရေး ဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။

အဆိုပါ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း နှစ်ပတ်တာအတွင်း အရပ်သား ထိခိုက်သေဆုံးမှုသည် နောင်ချို၊ သီပေါတို့ထက် ကျောက်မဲမြို့က များပြားနေပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄၄ ဦးအထိ သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိ၍ နေအိမ်အလုံး ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဒေသခံ လူမှုကူညီရေးအဖွဲ့များက ဇူလိုင်အစောပိုင်းတွင် အရပ်၀တ်ဖြင့် ရုပ်အလောင်း ၆၀ ကို ကောက်ယူခဲ့သော မှတ်တမ်းများအရ အရပ်သား ထိခိုက်သေဆုံးမှု အမှန်တကယ်မှာ မြေပြင်တွင် ပိုမိုများပြားနိုင်ပြီး ထိုကာလအတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ် အဆောက်အဦး ၁၅၀ ကျော် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ ထုတ်ပြန် ချက်အရ သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင် အရေအတွက်မှာ ခန့်မှန်းခြေအားဖြင့် သုံးသောင်း (၃၀,၀၀၀) မှ ငါးသောင်း (၅၀,၀၀၀) ကြားရှိပြီး စစ်ဘေးရှောင် အမျိုးသမီးများ၏ ကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲ စိန်ခေါ်မှုများသည် အဓိကအားဖြင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် လိုအပ်ချက်ဖြစ်သလို သွားလာရေး၊ ကုန်ပစ္စည်းများ ဝယ်ယူရေးတို့တွင်လည်း ခက်ခဲနေပြီး နိုင်ငံတကာ အကူအညီများလည်း ရရှိမှု မရှိကြောင်း သိရသည်။

ဓာတ်ပုံ – SHRF

#ရှမ်းမြောက်စစ်ဆင်ရေး #နှစ်ပတ်တာ #စစ်ကောင်စီ #အရပ်သား၄၆ဦးသေဆုံး #အမျိုးသမီးသေဆုံးမှု #ပိုမိုများပြား #အမျိုးသမီးကဏ္ဍသတင်း #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်း အရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)