
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်
ထိုင်းနိုင်ငံတွင် နိုင်ငံတကာမှလာရောက်ပညာသင်ကြားနေသည့် တက္ကသိုလ် ကျောင်းသားများအနေဖြင့် ပညာ သင်နှစ်များပြီးဆုံးသော်လည်း နေထိုင်ခွင့် တစ်နှစ်ထပ်မံရရှိမည့် Non-ED Plus Visa အမျိုးအစားအသစ် ကို ပေးသွားမည်ဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးမှတဆင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် ကြေညာခဲ့သည်။
Non-ED Plus Visa တွင် အကျုံးဝင်သူများမှာ ထိုင်းနိုင်ငံတွင် ဘက်ချလာဒီဂရီ(Bachelor Degree) နှင့် ဘွဲ့လွန်ဒီဂရီများ တက်ရောက် နေသူများအတွက်သာ ဖြစ်ပြီး အခြားဘာသာစကားသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ဒီပလိုမာသင်တန်းများ စသည့် ပရိုဂရမ်များတွင် တက်ရောက် သူများ အတွက်မူ အကျုံးဝင်ခြင်း မရှိကြောင်း သိရသည်။
နိုင်ငံတကာကျောင်းသားများ အနေဖြင့် ဘွဲ့ရရှိပြီးနောက် ပညာရေးဗီဇာနှင့်ကျန်ရှိသည့်ဗီဇာ သက်တမ်း မှာ အလိုအလျောက်ပယ်ဖျက်သွားပြီး ယခုအခါ အသစ်ကြေညာထားသည့် Non-ED Plus Visa ဗီဇာအသစ်ကို လျှောက်ထားနိုင်ပြီး တစ်နှစ် နေထိုင်ခွင့် ထပ်မံရရှိခြင်း၊ Re Entry ပါမစ် လိုအပ်ခြင်းမရှိဘဲ နိုင်ငံအဝင်အထွက်များကို လွပ်လပ်စွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“အခုဗီဇာအသစ်က ကျောင်းပြီးသွားမှ အသစ်လျှောက်ရမယ့် ဗီဇာ။ ကိုယ့်ကျောင်းက လိုအပ်တဲ့ အချက်အလက်တွေ ထုတ်ပေးရင်ရပြီ။ ကျောင်းတွေကလည်း ဒီဗီဇာနဲ့ပတ်သတ်ပြီး ရှင်းပြအကြောင်း ကြားတယ်။ ကျောင်းပြီးခါနီး ဗီဇာအသစ်တိုးရမယ်ဆိုရင်လည်း ဒီဗီဇာကိုရပြီ။ ပုံမှန်ဆို အလုပ် ချက်ခြင်းမရဘူးဆို ကိုယ့်နိုင်ငံကိုပြန်ရပြီ။ အခုဆိုတော့ အလုပ်ရှာမယ့် အချိန်ရသွားတာပေါ့” ဟု ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသည့် မြန်မာ ကျောင်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဗီဇာကို နိုင်ငံတကာမှလာရောက်၍ ထိုင်းနိုင်ငံတက္ကသိုလ်များတွင် ဘွဲ့ရရှိမည့် ကျောင်းသားတိုင်း ရရှိနိုင်ပြီး ဗီဇာရရှိသူများအနေဖြင့် အဆိုပါတစ်နှစ်အတွင်း အလုပ်ရှာဖွေနိုင်ခြင်းများအပြင် ကြိုက်နှစ် သက်သလို နေထိုင်နိုင်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် အဓိကအားဖြင့် နိုင်ငံတကာကျောင်းသား(International Students) များ အနေဖြင့် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများမှ အများစုတက် ရောက်ကြကြောင်း သိရသည်။
မြန်မာကျောင်းသားအများစုသည် စစ်ကောင်စီ အာဏာသိမ်းမှုအပေါ် ကျေနပ်မှုမရှိ၍ သပိတ်မှောက် ခြင်းများပြုလုပ်ခဲ့သောကြောင့် တိမ်းရှောင်ခဲ့ရသူများရှိခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဆိုးရွားလာသော ပညာရေးစနစ်ကြောင့် ပြင်ပသို့ထွက်ခွာ၍ ပညာသင်ကြားခဲ့ ကြသော မြန်မာကျောင်းသားများရှိသလို စစ်ကောင်စီက အတည်ပြု ပြဋ္ဌာန်းခဲ့သည့် စစ်မှုထမ်းရမည့် ဥပဒေကြောင့်လည်း ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ကာ ကျောင်းတက်နေရသူများလည်းရှိနေ၍ ယခုဗီဇာ အသစ်ကြောင့် အထောက်အကူများစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၂ ပထမစာသင်နှစ်က မြန်မာကျောင်းသား အရေအတွက် ၃၀၀၀ ကျော်ရှိခဲ့ ကြောင်း ထိုင်းဒေသတွင်းသတင်းအချက် အလက်အချို့အရသိရပြီး ၂၀၂၃ ခုနှစ်တွင်မူ ထိုင်းပုဂ္ဂလိက တက္ကသိုလ်တစ်ခုတွင် မြန်မာကျောင်းသား ၁၀၀၀ ကျော်အထိ ရှိကြောင်း သိရသည်။
ပုံစာ-ထိုင်းနိုင်ငံတွင်ကျောင်းတက်ရောက်နေသော နိုင်ငံတကာကျောင်းသားများ
#educationvisa #ထိုင်း #နိုင်ငံတကာကျောင်းသား #ဗီဇာအသစ် #non_ed_plus_visa #Ayeyarwaddy_Times