ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်
ရှမ်းမြောက်၊ လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နင်းရေးတပ် ခလရ ၄၁ တပ်ရင်းနှင့် ခလရ ၆၈ တပ်ရင်းကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့တွင် ယနေ့ ဇူလိုင် ၂၃ ရက်နေ့ နံနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်ကောင်စီ၏ အကြမ်း ဖက်နှိမ်နင်းရေးတပ် ခလရ ၄၁ ကို MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့ကိုယ်လွတ်ရုန်းထွက်ပြေးသွားပြီးနောက် တပ်ရင်းကိုသိမ်းပိုက်လိုက်နိုင်ကြောင်း သိရသည်။
MNDAA သည် လားရှိုးမြို့ မုခ်ဦးဝရှိ အကြမ်းဖက်နှိမ်နင်းရေးတပ် ခလရ ၄၁ ကို ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့ကတည်းက ဝင်ရောက်တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“စကစ(စစ်ကောင်စီ)ရဲ့ ခလရ ၄၁ Sold out (ရသွား) ပါပြီ။ ၆၈ တပ်ရင်းရော ပဲ။ ၆၈ ကို ညကတည်းက တိုက်နေတာ။ ဖိအားတွေ ကြောင့်သာ ခုလောက်ကြာနေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
အလားတူ လားရှိုး-မိုင်းယော်လမ်းမပေါ် လားရှိုးမြို့အထွက်ရှိ စစ်ကောင်စီ၏ ခလရ-၆၈ တပ်စခန်းကို လည်း MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် လက်နက်ခဲယမ်းများကို ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတပ်ရင်းမှ သေဆုံးနေသည့် စစ်ကောင်စီရုပ် အလောင်းများနှင့် လက်နက်များကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များမှနေ၍ ဖြန့်ဝေလျက်ရှိပြီး MNDAA တပ်သားများ သေဆုံးနေခြင်းဖြစ်ကြောင်းဆိုထားသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဆက် အနေဖြင့် လားရှိုးမြို့ကို MNDAA က ဦးဆောင်တိုက်ခိုက်နေပြီး တစ်ဖက်သက် ယာယီအပစ်ရပ်စဲမှုများ နှစ်ကြိမ်တိုင် ထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင်မူ အပစ်ရပ်စဲ ခြင်းမရှိဘဲ စစ်ကောင်စီ၏စခန်းများကို သိမ်းဆည်းရမိသည်အထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့တိုက်ပွဲများအတွင်း အပစ်ရပ်ကာလတွင် စစ်ကောင်စီတပ်မှ အရာရှိနှင့် အောက်ခြေ တပ်ဖွဲ့ဝင်များသည် တပ်ရင်း၊ တပ်ဖွဲ့များကို စွန့်ခွာပြီး တစ်ရက်လျှင် ၄၀ ခန့် ထွက်ပြေးလျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
“ဒရုန်းဗုံးတွေနဲ့ချနေတော့ တစ်ရက်ကို မပြေးဘူးဆိုရင်တောင် အနည်းဆုံး ၂၀ လောက်က ပြေးနေတာ။ တပ်မမှူးနဲ့ တပ်ထိန်းကိုယ်တိုင်လိုက်ဖမ်းနေရတယ်။ ဗျူဟာမှူးကိုယ်တိုင် တပ်ဆုတ်ခွင့်တောင်းပြီး ဆုတ်ရင်း ဆုတ်ရင်းနဲ့ မြို့တော်ခန်းမမှာ ထိုင်နေရတယ်။ နောက်ပြီး ဒုတိုင်းမှူးကအစ ဝင်တိုက် နေရတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
MNDAA က လွယ်ပြေ၊ မန်အိုင်နှင့် လားရှိုးမြို့တို့တွင် စစ်ရေးအရ စိုးမိုးထားသည့် အရေးကြီးနေရာ မှန်သမျှကို တပ်စွဲနေရာယူထားပြီး စစ်ကောင်စီတပ်ကို ပိတ်ဆို့ထားကြောင်း သိရသည်။
ပုံစာ – ခလရ ၆၈ တပ်ရင်းကို လာတိုက်သည့် MNDAA တပ်သားများ သေဆုံးနေသည့်ပုံများဟု တပ်လော်ဘီများ ဝါဒဖြန့်ထားသည့်ပုံများ
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ခလရ၄၁ #ခလရ၆၈ #MNDAA #သိမ်းပိုက် #Ayeyarwaddy_Times