ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

ရှမ်းမြောက်၊ လားရှိုးတွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

ကိုးကန့်တပ်မတော် (MNDAA) ထံ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့တွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့်ရှိ ဒုတိယဗိုလ်မှူးကြီးအပါအဝင် ဗိုလ်မှူး နှစ် ဦး၊ ဗိုလ်ကြီး ငါး ဦးနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း ၃၁၇ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှ လက်နက်ချလာသည့် စစ်သုံ့ပန်းများကို ယနေ့ ဇူလိုင် ၂၃ ရက်တွင် MNDAA က တွေ့ ဆုံခဲ့ပြီး ၎င်းတို့သတ်မှတ်ထားသည့် ဆုငွေပေးအပ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များအနေဖြင့် ကိုးကန့်တပ် MNDAA ထံ လက်နက်ချပြီး အလင်းဝင် လာပါက သတ်မှတ်ချက်အလိုက် ကျပ်သိန်းတစ်သောင်း အထိ ဆုငွေချီးမြှင့်မည်ဟု ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်နက်ချအညံ့ခံလာသူများထဲမှ ထိခိုက်ဒဏ်ရာရရှိ သူများနှင့် ဖျားနာနေသည့် တပ်သားများကို ဆေးဝါးများကုသပေးလျက်ရှိကြောင်း MNDAA ကထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ချလာသူ ၃၁၇ ဦးသည် စစ်ကောင်စီ၏ မည်သည့်တပ်ရင်း တပ်ဖွဲ့များမှ ဝင်ရောက် လာခြင်းဖြစ်သည်ကိုမူ ကိုးကန့်တပ်မတော် (MNDAA) က ဖော်ပြထားခြင်းမရှိပေ။

လားရှိုးမြို့တွင် ယနေ့ ညနေပိုင်းအထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လားရှိုး မြို့အဝင် မုခ်ဦးတွင် ရှိသည့် ခလရ ၄၁ နှင့် လားရှိုးမြို့အထွက်ရှိ ခလရ ၆၈ တပ်ရင်းတို့ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- The Kokang
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ဒုဗိုလ်မှူးကြီး #အောက်ခြေတပ်သား #လက်နက်ချအညံ့ခံ #MNDAA #Ayeyarwaddy_Times